မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲတွင် စစ် ကောင်စီတပ်မှ ကလေးငယ်အပါအဝင် အရပ်သား(၁၉)ဦးကို အစုလိုက်ပြုံလိုက်မီးရှို့သတ်ဖြတ်မှုနှင့် ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဗဟိုက ယနေ့ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်သည် မုန်းမြို့နယ် ညောင်ပင်သာရွာထဲကို ဝင်ရောက်ကာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် အစုအပြုံလိုက်သတ်ဖြတ်ကာ မီးရှို့သတ်ဖြတ်မှု လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပါ အရပ်သား ၁၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြစ်ခံရမှုဖြစ်စဉ်တွင် မိသားစုအလိုက် ပါဝင် သည့်အပြင် အခြားကျေးရွာရှိ ဒေသခံတစ်ဦးကိုလည်း သင်္ချိုင်းကုန်းတွင် သတ်ဖြတ်ထားသလို နောက် ထပ် အရပ်သား(၇)ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံနေရသည့် ဒေသခံလူထုများအတွက် ကေအဲန်ယူ- ကရင်အမျိုး သား အစည်းအရုံးအနေဖြင့် ထပ်တူဝမ်းနည်းရကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုအပေါ် ပြင်းထန် စွာရှုတ်ချပြီး တရားမျှတမှု ရရှိရေးအတွက် ကေအဲန်ယူအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ပြောဆိုထားသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် ကျူးလွန်နေသည့် စစ်ကောင်စီတပ်သည် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်စိုးမင်းက စစ်ဆင်ရေးစီမံကွပ်ကဲပြီး ကျောက်ကြီးဗျူဟာမှူး ဗိုလ်မှူးကြီးနေထက်အောင်က အနီးကပ်တိုက်ရိုက် ကွပ်ကဲကြောင်း၊ စစ်ဆင်ရေးတွင်ပါဝင်သည့် တပ်ရင်းများသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ခလရ-၇၃၊ ခမရ-၅၅၉၊ ခမရ-၅၉၀၊ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ ခလရ-၈၄၊ တပ်မ(၉၉) လက်အောက်ခံ တပ်ရင်း ခမရ-၁၅တို့ဖြစ်ကြောင်း ကေအဲန်ယူသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများအပေါ် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှု များ ပိုမို လုပ်ဆောင်လာပြီး ပြည်သူများအပေါ်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးမီးရှို့သတ်ဖြတ်ခြင်းတို့ကို နိုင်ငံအနှံ့တွင် ပြုလုပ်လျက်ရှိသည်ကို တွေ့နေရကြောင်းလည်း ကေအဲန်ယူက ပြောသည်။
ထိုသို့စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပိုမိုထိရောက်သည့် လက်တွေ့ ကျနည်း လမ်းများဖြင့် တိုးချဲ့ပိတ်ဆို့အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂသော်လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှသော်လည်းကောင်း၊ နိုင်ငံတကာ တရားရေးယန္တရားမှသော်လည်းကောင်း၊ အာဆီယံနှင့်အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများမှသော်လည်း ကေအဲန်ယူက တိုက်တွန်း တောင်းဆိုထားသည်။
ထို့အတူ ကရင်အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGနှင့် ကရင်ငြိမ်းချမ်းရေး အထောက်အပြုကွန်ရက်- KPSN တို့လည်း လူသားမျိုးနွယ်စုအပေါ် စစ်ကောင်စီ၏ ရက်စက်ကြမ်း ကြုတ်သည့် သတ်ဖြတ်မှုများကို ပြင်းထန်စွာကန့်ကွက်သလို နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီ၏ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုထားသင့်ဘဲ အရေးယူနိုင်ရေးအတွက် ပူးပေါင်း ပါဝင် လုပ်ဆောင်ပေးကြရန်ကိုလည်း မေလ ၁၂ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ကာ တောင်းဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်နိုင်ငံအရှေ့တောင်ပိုင်းတွင် စစ် ကောင်စီတပ်မှ ထိုးစစ်ဆင်မှုများပိုမိုလုပ်ဆောင်လာပြီး အရပ်သားများကို ပစ်မှတ်ထားပစ်ခတ်မှုကြောင့် အသက်မပြည့်သည့် ကလေး ၃၈ ဦးနှင့် အရပ်သားအနည်းဆုံး ၇၉ဦး သေဆုံးခဲ့ရကာ ဒေသခံ အရပ်သားပြည်သူ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ကရင်လူ့ အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။



















