Home သတင်း ကရင်နီတွင် သွားလာရေးခက်ခဲပြီး ဆန်ဈေးများမြင့်တက်

ကရင်နီတွင် သွားလာရေးခက်ခဲပြီး ဆန်ဈေးများမြင့်တက်

1334
Photo: ကမ်းလက် စစ်ဘေးရှောင်ကူညီထောက်ပံ့သူများအဖွဲ့

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယားပြည်နယ်)တွင် ယခုရက်ပိုင်း ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် သည့်အခြေအနေကြောင့် အသွားအလာခက်ခဲလာပြီး ဆန်ဈေးများလည်းမြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများက စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းနေခြင်းများကြောင့် ဒေသခံများ၊ စစ်ဘေးရှောင်များအနေဖြင့် ဗုံးခိုကျင်းများတူး၍ အသင့်အနေအထားပြင်ဆင်ထားရသလို လမ်းများပိတ်ထားသည့်အတွက် အသွားအလာခက်ခဲနေသောကြောင့် ဒေသတွင်း ဆန်ဈေးမှာ ယခင်ကထက် ပိုမိုမြင့်တက်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ရွှေ့ပြောင်းရတဲ့အခြေအနေတော့မဟုတ်သေးပေမယ့် ရွာထဲမှာရော၊ စစ်ရှောင်စခန်းတွေ ဘက်မှာရော ဗုံးခိုကျင်းတွေတူးပြီး အကုန်လုံးအသင့်ပြင်ထားရတယ်။ တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာဖို့ရှိတယ်လေ။ အဲဒီတော့ ကုန်ဈေးနှုန်းတွေကလည်း တက်ကုန်တယ်။ အဓိက ဈေးတက်တာ တော့ ဆန်ပေါ့။ မိုးဗြဲဘက်မှာ ဆန်တွေထုတ်ရောင်းဖို့မရှိတော့ ဆန်တွေပြန်ဈေးတက်တာပေါ့။ လမ်းတွေပိတ်တော့ သွားဖို့လာဖို့တွေလည်း အဆင်မပြေတော့ဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် ပင်လောင်းမြို့မှတဆင့်ရာနှင့်ချီ သောစစ်ကားများဖြင့်ဆင်းလာပြီး လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များတွင်ရှိသော စစ်ကောင်စီတပ်များသို့ အင်အားဖြည့်တင်းခဲ့ရုံသာမက တောင်ငူမြို့မှ ရဟတ်ယာဥ်များဖြင့် ဖရူဆို၊ ဘောလခဲနှင့် လွိုင်ကော်မြို့များရှိ ၎င်းတို့၏တပ်ရင်းများသို့ အင်အားထပ်မံဖြည့် တင်းခြင်းများရှိ နေသည်ဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo: ကမ်းလက် စစ်ဘေးရှောင်ကူညီထောက်ပံ့သူများအဖွဲ့

“ကျနော်ထင်တာတော့ ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်လာမယ်ထင်တယ်။ စစ်တပ်ဘက်က ရဟတ်ယာဥ်နဲ့ရော စစ်ကားတွေနဲ့ရော အင်အားထပ်ပို့လာတာတွေရှိနေတယ်။ အခုလောလောဆယ်တော့ ပုံမှန်အနေအထားမှာရှိနေသေးတယ်ဆိုပေမယ့် ရက် ၂၀ နောက်ပိုင်း တော့ တိုက်ပွဲတွေထပ်ပြင်းထန်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။” ဟု ၎င်းအရပ်ဘက်အဖွဲ့တာဝန်ရှိသူက ပြောသည်။

အလားတူ ကရင်နီပြည်နယ်အတွင်း ယခုနှစ်အစောပိုင်းမှစ၍ စစ်ကောင်စီမှ စစ်ရေးအရှိန်မြင့် တင်လုပ်ဆောင်လျက်ရှိရာ မကြာမီတွင် လေကြောင်းနှင့်လက်နက်ကြီးများအသုံးပြု၍ ယခင်က ထက်ပိုမို ထိုးစစ်ဆင်လာနိုင်သောကြောင့် စစ်ကောင်စီ၏လက်နက်ကြီးဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုကိုခံနေရသော ဒေသခံများအား ဗုံးခိုကျင်းများပြင်ဆင်၍ စစ်ရေးသတိရှိကြရန်ကိုလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF)က မတ်လ(၉)ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှတဆင့် တိုက်တွန်းနှိုးဆော်ထားသည်။

ကရင်နီပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း ဒေသခံနေအိမ် ပေါင်းတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရုံသာမက များပြားသော လူ့အခွင့်အရေးချိုး ဖောက်ခံ ရမှုများကို တွေ့ကြုံခံစားခဲ့ရကြောင်း၊ ကရင်နီပြည်နယ်လူဦးရေ ၁၀၀ ရာခိုင်နှုန်းတွင် ၄၀ ရာခိုင်နှုန်း သည် စစ်ဘေးရှောင်ပြည်သူများဖြစ်လာကြောင်း ကရင်နီ အရပ်ဖက်အဖွဲ့များက ဖေဖော် ဝါရီလ(၇)ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။