Home သတင်း ဝေါမြို့နယ်၊ ဘုရားပျိုရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသော ဒေသခံ(၁၃)ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေး

ဝေါမြို့နယ်၊ ဘုရားပျိုရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသော ဒေသခံ(၁၃)ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေး

1067
Photo: Crd.

မတ်လ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၌ ယမန်နေ့ မတ်လ(၅) ရက်နေ့တွင် စစ်ကောင်စီတပ်များ ဖမ်းဆီးဆောင်သွားသော ဒေသခံရွာသား(၁၃)ဦးအား ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဘုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ က ပြီးခဲ့သည့်ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဘုရားပျိူရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများအား စစ်ဆေးရေးတင်းကြပ်ထားစဥ် ထိုဒေသခံ(၁၃)ဦးအား ကာကွယ်ရေးတပ်ဖွဲ့များနှင့််ပတ် သက်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက“ပစ်ခတ်မှုမှာပါတယ်လို့ စစ်ကောင်စီဘက်က သံသယရှိတဲ့လူတစ်ယောက် ဘုရားပျိုရွာ ထဲဝင်သွားတယ်ဆိုပြီး ရွာထဲမှာအစစ်အဆေးတွေ တင်းကြပ်ထားတာ။ ဖမ်းခံရတဲ့ရွာသား(၁၃)ယောက်လည်း PDF တွေနဲ့မဆိုင်တဲ့ သာမန်ရွာသားတွေပါ။ ရွာကိုလည်း မီးရှို့မယ်လို့ခြိမ်းခြောက်ပြီး မီးတွေဖျက်ထားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ထို့အပြင် ဘုရားပျိုကျေးရွာအနီးပစ်ခတ်မှုသည် အဆိုပါ ကျေးရွာနှင့် ပတ်သက်နေခြင်း မရှိဘဲ စစ် ကောင်စီ အား သတင်းပေးသူရှိသည့်အတွက် ဒေသခံများယခုလို ဖမ်းခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသွားသော ဒေသခံ (၁၃)ဦးအား ပဲခူးမြို့နှင့် ဝေါမြို့ကြားရှိ ဘုရားကြီးအမြှောက်တပ်ဝင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အလားတူ ဘုရားပျိုကျေးရွာအနီးရှိ ငှက်ပျောတစ်ပင်သောင်နှင့် ကျွန်းရွှေဝါသောင်ဘက်တွင် တောင်ယာ အလုပ်လုပ်ကိုင်၍ မိသားစုလိုက်နေထိုင်ကြသော အလုံး ၅၀၊ ၆၀ ခန့်ရှိ တဲအိမ်များကိုလည်း ဖျက်သိမ်းပေးရန် စစ်ကောင်စီတပ်က မတ်လ (၄)ရက်နေ့တွင် အသိပေးထားပြီး အုတ်ဖိုကျေးရွာအုပ်စုရှိ ကပင်ကျေးရွာအား အမြှောက်တပ်ထိုင်၍ လက်နက်ကြီးများတပ်ဆင်ရန် ဖျက်သိမ်းပေးရမည်ဟု စစ်ကောင်စီဘက်မှ ပြောဆိုထားကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပစ်ခတ်မှုတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်(၂)ဦး‌ သေဆုံးကာ (၄)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့၍ စစ်ကောင်စီမှ ဝေါမြို့နယ်အတွင်း ည(၇)နာရီနောက်ပိုင်း အိမ်ပြင်မ ထွက်ရအမိန့်အား ထုတ်ပြန်ထားခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်ရှိအချိန်ထိ စစ်ဆေးရေး များ တင်းကြပ်ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။