Home သတင်း ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း လူနေအိမ် ၃၆ လုံး ပျက်စီးပြီး အရပ်သား ၃ ဦးသေဆုံးခဲ့

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း လူနေအိမ် ၃၆ လုံး ပျက်စီးပြီး အရပ်သား ၃ ဦးသေဆုံးခဲ့

999
Photo: Crd.

မတ်လ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလအတွင်း လူနေအိမ် ၃၆ လုံးပျက်စီးပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အရပ်သားပြည်သူပိုင် ကား ၁ စီး၊ ဆိုင်ကယ်(၂)စီး၊ ဆန်ကြိတ်စက် ၁ လုံး၊ လယ်ထွန် စက်(၄)စီး၊ မီးစက် ၁ လုံး၊ အင်တာနက်ဝိုင်ဖိုင်တစ်ချပ်နှင့်အခြားပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ ကြောင်းလည်း ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ တပ်မဟာ (၅)ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကြား တိုက်ပွဲပေါင်း (၁၇၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ (၄၉)ဦးထိခိုက်သေဆုံးခဲ့ပြီး KNU တပ်မဟာ ၅ ဘက်မှ (၂)ဉီးသေဆုံးကာ၊ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo: Crd.

ဆက်လက်၍ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်နှင့် (၇)ကြိမ်လာရောက် ပစ်ချခဲ့ပြီး အကြီးစားဗုံး ဆံ(၄၄)လုံးလာရောက်ပစ်ချသွားခဲ့သလို မြေပြင်မှလည်း အမြှောက်ဆံ(၅၆)လုံးတိတိရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၁၄)ဉီးသေဆုံးခဲ့ပြီး (၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုရားကျောင်း(၄)လုံး၊ ပြည်သူပိုင်ဆေးရုံ(၄)လုံးနှင့် အိမ်(၂၈)လုံးပျက်စီးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။