စက်တင်ဘာလ ၅ရက်။ စောခါးစူး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်အတွင်းရှိ ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်း၌ မိုးသည်းထန်ပြီး ရေတိုက် စားမှုကြောင့် မဲ့စရင်းချောင်း ကမ်းနံဘေးရှိ ဒုက္ခသည်နေအိမ် ၄လုံး စက်တင်ဘာလ ၃ရက်နေ့က ပျက်စီးသွားခဲ့သည်။
“မိုးက ကြီးတဲ့အခါကျတော့ မြစ်ကမ်းပါးပေါ်ကနေ စီးဆင်းလာတဲ့ ရေဟာ တဖြည်းဖြည်းတိုက်စားပြီး မြေက ကြာကြာ မခံနိုင်ဘဲ ပြို တော့ အိမ်ပါသွားတာပဲ။”ဟု အမှတ်(၂) ဒုက္ခသည်စခန်း ရုံးအုပ်ဖြစ်သူ ဦးစံလှက ကေအိုင်စီကို ပြောသည်။
အဆိုပါ ရေတိုက်စားမှုတွင် အိမ် ၁လုံး ချောင်းထဲ မျောပါသွားပြီး ၃လုံးမှာ ပြိုကျပျက်စီးသွားသည်။ အိမ်များပြိုကျခဲ့သော်လည်း လူ အသေအပျောက် မရှိသော်လည်း ရေထဲမျောသွားသည့် အိမ်ထဲတွင်မူ ထိုင်းဘတ်ငွေ ၆ထောင်ကျော် ပါသွားသည်ဟု အဆိုပါစခန်း တွင်း နေထိုင်သူ ကိုအောင်ထူးက ပြောသည်။
“ဒီစခန်းက အိမ်တွေဟာ မဲစရင်းချောင်း နံဘေးမှာရှိတော့ မိုးရွာရင် အန္တရာယ် ရှိတယ်။ အခုလို မိုးရွာရင် အမြဲ သတိထားရ တယ်။”ဟု သူက ရှင်းပြသည်။
အိမ်ပျက်စီးသွားသည့် ဒုက္ခသည်များသည် ယခုအခါ စခန်းအတွင်းရှိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေထိုင်ကြပြီး စခန်းတာဝန်ရှိသူ များက ၎င်းတို့ကို လိုအပ်သည့် အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာများကို ကူညီပေးသည်။
ပြီးခဲ့သည့် ၂၀၀၂ခုနှစ်ကလည်း အဆိုပါစခန်း၌ပင် မိုးရွာသွန်း၍ ရေတိုက်စားကာ အလယ်တန်း စာသင်ကျောင်းတကျောင်း မဲ့စရင်း ချောင်းထဲ မျောပါသွားခဲ့ဖူးသည်ဟု ရုံးအုပ်ဖြစ်သူ ဦးစံလှက ပြောသည်။
ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းသည် မဲ့စရင်းမြို့မှ ကီလိုမီတာ ၁၄ဝကွာဝေးပြီး ဒုက္ခသည်ဦးရေ ၃ထောင်ကျော်ရှိသည်။ ကရင် နီလူမျိုးအများဆုံး နေထိုင်ပြီး ကရင်လူမျိုး အနည်းငယ် ရောနှော နေထိုင်လျက်ရှိသည်။