Home သတင်း ကိုယ့်ကြိုးစားမှုဖြင့်လူထု လွတ်မြောက်အောင်ကြိုးစားကြရန် KNU ခေါင်းဆောင် ပဒိုနော်ဒါးဒါး အားပေးတိုက်တွန်း

ကိုယ့်ကြိုးစားမှုဖြင့်လူထု လွတ်မြောက်အောင်ကြိုးစားကြရန် KNU ခေါင်းဆောင် ပဒိုနော်ဒါးဒါး အားပေးတိုက်တွန်း

889

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကိုယ့်ကြိုးစားမှုဖြင့်လူထုလွတ်မြောက် အောင်ကြိုးစားကြရန် ဖားအံခရိုင်တစ်နေရာ၌ ယနေ့ ဖေဖော် ဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ အခမ်း အနားတွင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးက ကရင်လူငယ်များကို အားပေးတိုက်တွန်းလိုက်သည်။

ပဒိုနော်ဒါးဒါးက “ကရင်လူငယ်တွေ အရင်ကခေါင်းဆောင်ကြီးတွေ ဘာတွေပြောခဲ့လဲ ဘာတွေလုပ်ခဲ့ လဲဆိုတာ လေ့လာကြပါ။ ကမ္ဘာကြီးမှာဘာတွေဖြစ်နေလဲ၊ တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ မျက်စိဖွင့်နားစွင့်ထားပါ။ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်လူထုကို လွတ်မြောက် အောင်ကြိုးစားကြပါလို့ အားပေးတိုက်တွန်းချင်တယ်။ ရန်သူက ဘယ်တော့မှ အိပ်မငိုက်တတ်ဘူး၊ သူ့ရဲ့အကွက်က အမျိုးမျိုးရှိတယ်။ အဲ့ဒါတွေကို ကိုယ်ကမသိဘူးဆိုရင် ရန်သူရဲ့ထောင်ချောက်ကို ရောက်သွားမှာဖြစ်တယ်။” ဟု ၎င်းကပြောသည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်လိုပါက မိမိတို့ကိုယ်တိုင် လေးလေး နက်နက်ဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ ဆောင်ရွက်လုပ်ကိုင်ရန် သန္နိဌာန်ချ၊ ကြိုးစား လုပ်ဆောင်ရမည်ဖြစ်ပြီး ကရင့်အနာဂတ်သည် လူငယ်များ၏လက်ထဲတွင်ရှိ၍ လူငယ်များ၏ ကြိုးစားမှုဖြင့်သာ ကရင်အမျိုးသားများ၏အနာဂတ်ထူထောင်နိုင်ကာ လှပနိုင်မည်ဖြစ်ကြောင်း ပဒိုနော်ဒါးဒါးက ပြောသည်။

ဆက်လက်ပြီး ကရင်အမျိူးသားနေ့ ဖြစ်ပေါ်လာခဲ့ရခြင်းမှာ ကရင်လူမျိုးများအနေဖြင့် နိုင်ငံရေးနိုး ကြားမှုရှိပြီး လွတ်လပ်သောကရင်ပြည်ကိုလိုလား၍ ကရင်ပြည်ချက်ချင်း ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမှုရေးအဓိကရုဏ်းအလိုမရှိ စသောအချက် (၄)ချက်အား အဓိကထားတောင်းဆိုရခြင်းဖြစ်ကြောင်းလည်း ပဒိုနော်ဒါးဒါးက အခမ်းအနားတွင် ထည့်သွင်းပြောကြားထားသည်။

ယနေ့ကျင်းပသည့် ၇၅ နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့အခမ်းအနားသို့ ကေအဲန်ယူ တွဲဘက် အထွေထွေအတွင်းရေးမှူး-၁ ပဒိုစောဆဲပွယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးနှင့် ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ရဲဘော်များနှင့် ကရင်လူငယ်များအပါအဝင် ၁၀၀ကျော် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ခေါင်းဆောင်အသီးသီးမှ မိန့်ခွန်းပြောကြားခြင်း၊ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖိုးမိန့်ခွန်း၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ကရင်လူငယ်အစည်း အရုံး(KYO) တို့မှ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသော လူငယ်တစ်ဦးက “ကျနော်တို့ ကရင်အမျိုးသားနေ့ကတော့ (၇၅)နှစ်ရှိပြီဆိုပေမယ့် ကျနော်တို့ ဒီမြေကိုနင်းလာတာ နှစ်ပေါင်း(၂၇၆၂)ခုနှစ် ရှိပြီ။ ကျနော်တို့ တောင်းဆိုတဲ့တောင်းဆိုချက် ၄ ရပ်ကတော့ မပြည့်ဝသေးပါဘူး။ အဲ့ဒီ ၄ ရပ်ကိုရဖို့အတွက် ကျနော်တို့ကတော့ ဆက်လက်တိုက်ပွဲဝင်ရဦးမှာပဲ။ ရယူတဲ့နေရာမှာ နိုင်ငံရေးအရ၊ စစ်ရေးအရ အသက်သွေး၊ ချွေးတွေရင်းပြီးတော့ ရရှိတဲ့အထိ တိုက်ယူသင့်ရင်ယူမှာပါပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူမှ ၁၉၄၈ခုနှစ်၊ ဖေဖော်၀ါရီလ(၃)ရက်နေ့တွင် ဖဆပလ အစိုးရအား (မိမိလူမျိုးနှင့်‌ဒေသ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စု)ကရင်ပြည်ပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ဖဆပလ အစိုးရက အဆိုပါတောင်းဆိုမှုသည် ကရင်လူမျိုးအနည်းစု၏ဆန္ဒသာဖြစ်ပြီး နယ်ချဲ့လက်ကိုင်တုတ်၊ ဆူပူလိုသူများဟူ၍ စွပ်စွဲပြောဆိုခဲ့မှုကြောင့် ကေအဲန်ယူမှဦးဆောင်၍ တစ်နိုင်ငံလုံး ကရင်လူထုအင်အား လေးသိန်းကျော်မှ မိမိတို့ကရင်လူထုတစ်ရပ်လုံး၏ ဆန္ဒအမှန် ဖြစ်ကြောင်း ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တောင်းဆိုချက်(၄)ရပ်ဖြင့် ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ထိုသို့ ကြွေးကြော်တောင်းဆိုခဲ့ကြသော ဖေဖော်ဝါရီလ(၁၁)ရက်နေ့အား ကရင်အမျိူးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်မှ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သော ကရင်ပြည်နယ်၊ ဖာပွန်မြို့ ကော်သူးလေပြည်လုံးဆိုင်ရာကွန်ဂရက်တွင် မြစ်ဝကျွန်းပေါ်တိုင်း၊ အမှတ်(၁)ခရိုင်ဥက္ကဌ၏ အဆိုပြုချက်နှင့် တပ်မမှူး၏ထောက်ခံချက်ဖြင့် ကရင်အမျိုးသားနေ့ အဖြစ် အတည်ပြုသတ်မှတ်လာခဲ့ခြင်းဖြစ်သည်။