Home သတင်း စစ်ကောင်စီတပ်နှင့်ရဲများ ဘုရားဖူးဟန်ဆောင်ကာ CDM ဝန်ထမ်းများအား ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်

စစ်ကောင်စီတပ်နှင့်ရဲများ ဘုရားဖူးဟန်ဆောင်ကာ CDM ဝန်ထမ်းများအား ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်

979
Photo: Crd.

ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များသည် ဘုရားဖူးများဟန်ဆောင်ကာ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်သူ အစိုးရဝန်ထမ်းများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့အနီး ကော့နှပ်ကျေးရွာ အုပ်စုထဲတွင် ယခုတလော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဘုရားဖူးဟန်ဆောင်ပြီး CDM ဝန်ထမ်းများကို လိုက်လံ ဖမ်းဆီးမှုများ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ရဲနဲ့စစ်သားပါလာတယ်၊ ရွာကို ဘုရားဖူးသလိုလိုနဲ့၊ CDM တွေကို ဝင်စစ်တယ်။ (မနေ့)နေ့ လည်ဘက်လောက်မှာ။ တစ်ယောက်မှတော့ မိမသွားဘူး၊ ဒီတိုင်းပဲ ပြန်ထွက်သွားတယ်။ သူတို့ဝင် လာတော့ CDM တွေ အကုန်လုံးရှောင်လိုက်ကြတာ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျေးရွာတွေအတွင်းကို ဝင်ရောက်စစ်ဆေးမှုမျိုးမရှိသော်လည်း ဇန်နဝါရီလမှစတင်ကာ စစ်ကောင်စီတပ်များ ကျေးရွာတွေအတွင်း ဝင်ရောက်နေရာယူပြီးနောက်ပိုင်း ယခုလို လုပ်ဆောင်မှုများ မကြာခဏ ပြုလုပ်လာခြင်းဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက “ ပြီးခဲ့တဲ့လကနေစပြီးစစ်တပ်က ရွာထိပ်တွေမှာကော၊ ရွာထဲတွေဝင်ပြီး ညဘက်အိမ်ပြန် နောက်ကျတဲ့သူတွေကို စစ်ဆေးတယ်၊ ထုရိုက်တယ်။ ပါလာတဲ့ပစ္စည်းတွေယူတယ်။ အရင်ကဆို ကိုယ့်ဘာသာ ကြိုက်တဲ့အချိန်ပြန်လို့ရတယ်။ သူတို့လာတာနဲ့ တချို့ဆိုရင် တောတွေထဲလိုက်ပုန်းနေရ တာနေကြရတယ်။ အရင်ကလို နေလို့မကောင်းတော့ဘူး။”ဟု သူက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင်လည်း တိုက်ပွဲဖော်ဆောင်မည့် သတင်းများထွက်ပေါ် လာသောကြောင့် စစ်ဆေးတင်းကြပ်မှုများကို ပိုမိုလုပ်ဆောင်နေပြီး ဖားအံမြို့တွင်းရှိ CCTV ကင်မရာများဖြင့်လည်း စောင့်ကြည့်လျက်ရှိကြောင်း၊ ညအချိန်မတော် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများကိုလည်း ယနေ့ အချိန်ထိ လုပ်ဆောင် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။