Home သတင်း ရေတိုက်စားကာ ချောင်းကူးတံတားပြိုကျ၍ ဒေသခံများ သယ်ယူပို့ဆောင်ရေး အခက်ကြုံ

ရေတိုက်စားကာ ချောင်းကူးတံတားပြိုကျ၍ ဒေသခံများ သယ်ယူပို့ဆောင်ရေး အခက်ကြုံ

1057

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

လှိုင်းဘွဲမြို့နယ်ရှိ ထီးပရီးကျေးရွာအဝင် ချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်က တောင်ကျရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့သဖြင့် ရွာသားများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုအခက်ကြုံလာရသည်ဟု ထီးပရီးကျေးရွာသူရွာသားများထံမှ သိရှိရသည်။

အရှည် ၁၀ပေရှိ အဆိုပါတံတားပျက်စီးမှုကြောင့် ဒေသခံများအနေဖြင့် သယ်ယူပို့ဆောင်ရေးများအတွက် ပို၍ခက်ခဲ သည့်အပြင် လယ်မြေပျက်စီးဆုံးရှုံးမှုနှင့်ပါ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။

၎င်းက “အခု တံတားဆောက်လိုက်တော့ ကမ်းပြိုတာတွေ ရှိလာတယ်။ အရင်က မရှိဘူး။ အရင်က ခုချိန်ဆိုရင် ဒီချောင်း မှာ တံတားမရှိဘူးဆိုပေမယ့် သွားလာလို့ရတယ်။ စပါးခြွေစက်လည်း လာလို့ရတယ်။ အခုဆို တံတားက ပြိုသွားတော့ စပါးခြွေစက် လာလို့ မရတော့ဘူးလေ။ စပါးခြွေစက် မလာနိုင်တော့ဘူးဆိုရင်တော့ စပါးတွေကို လက်နဲ့ပဲခြွေရတော့မှာ ပေါ့။”ဟု ဆိုသည်။

၎င်းတံတားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် သူးမွဲထအောင် မြေကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ယခုနှစ် မတ်လတွင် လမ်း၊ တံတား ဆောက်လုပ်ပြီးစီးခဲ့သော်လည်း လွန်ခဲ့ သည့် ဇူလိုင်လကုန်ခန့်က ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းတံတားဘေးတွင် ဖို့ထားသည့် မြေသားများသည် တောင်ကျရေတိုက်စားမှုကြောင့် အနီးအနားရှိ စပါးခင်းထဲသို့ မျှောပါသွားသည့်အတွက် လယ်မြေပျက်စီးမှုများလည်းရှိသည်ဟု လယ်ပိုင်ရှင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းလယ်ပိုင်ရှင်က “ရေကြီးတဲ့နှစ်တွေတောင် ရေတက်ပြီး ပြန်ကျတဲ့အချိန်မှာ စပါးခင်းပျက်စီးသွားတာ မရှိဘူး။ ကျောက်ခဲတွေ ဝင်ခဲ့တာတွေ မရှိဘူး။ အခု စပါးခင်းထဲကို ကျောက်သားမြေတွေပါလာတော့ စိုက်ထားတဲ့ စပါးပင်တွေ သေသွားတယ်။ အဲ့ဒီမြေတွေနဲ့ နောက်နှစ် ထယ်ထိုးဖို့တောင် အဆင်မပြေဘူး။”ဟု ပြောသည်။

၎င်းတံတားပြိုကျပြီး တစ်လခန့်အကြာတွင် ကရင်ပြည်နယ်စစ်ကောင်စီ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူများ၊ သူးမွဲထအောင်မြေကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် ကျေးရွာမှ တာဝန်ရှိသူများသည် တံတားပျက်စီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တံတားကို မည်သည့်အချိန်ကာလတွင် ပြန်လည်ဆောက်လုပ်ပေးမည်ကို ဒေသခံများအား တိကျသည့်အခြေအနေ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ထပ်မံ သိရှိရသည်။

တံတားဆောက်လုပ်မှုပုံစံသည် ချောင်းအနေအထားနှင့် မကိုက်ညီသည့်အပြင် မိုးများချိန်တွင် ရေစီးသန်သည့်အတွက် ဖို့ထားသည့်မြေသားမှာ ကျစ်လစ်မှုမရှိသဖြင့် တံတားပြိုကျပျက်စီးရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြ သည်။

အဆိုပါတံတားကို ဆောက်လုပ်ခဲ့သည့် သူးမွဲထအောင်မြေကုမ္ပဏီမှတာဝန်ရှိသူ၏ ပြောပြချက်အရ “အခုတံတားက ၁၀ပေဆိုတော့ ရေစီးကြောင်းနဲ့ တံတားအပေါက် မကိုက်ဘူး။ ရေစီးကြောင်းကကြီး၊ တံတားအပေါက်က ကျဉ်းကျဉ်း လေးဆိုတော့ မပြိုသင့်ဘဲ ပြိုသွားတာပေါ့။ ဘာတစ်ခုမှလည်း ခိုထားတာလည်း မရှိဘူး။ ချောင်းနဲ့တံတားနဲ့ မမျှဘူးကွ။ အမှန်က တံတားမှာ ပေ ၃၀၊ ပေ ၃၅ ရှိသင့်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတွက်ကြောင့် ကုမ္ပဏီအနေနှင့်လည်း ပြိုကျသွားသည့် တံတား၏တန်ဖိုးနှင့် ညီမျှသည့် တံတားတစ်စင်းကို ယခုနှစ် အောက်တိုဘာလလယ်တွင် နေရာပြောင်းရွှေ့ကာ အစားထိုး ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သူးမွဲထအောင်မြေကုမ္ပဏီ၏ တာဝန်ရှိသူထံမှ သိရသည်။

သို့သော် ရွာသားများအနေဖြင့် ယခင်တံတားပုံစံကိုသာ ပြန်လည်ဆောက်ပေးမည်ဆိုပါက လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု များနှင့် ထပ်မံကြုံတွေ့နိုင်သောကြောင့် လက်ရှိတံတားထက် ပိုမိုကောင်းမွန်သည့် တံတားတစ်စင်းကို ပြန်လည်ဆောက် လုပ်ပေးစေချင်ကြောင်း ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် သူးမွဲထအောင်မြေကုမ္ပဏီမှ လှိုင်းဘွဲမြို့ နယ်၊ ကွီးကျယ် – ထီးပရီး – မဲပရယ့်ခီး ကျေးရွာချင်းဆက် မြေလမ်း(၃/၀)မိုင်၊ သံကူကွန်ကရစ်တံတား ပေ ၂၀တစ်စင်းနှင့် ‌၁၀ပေတစ်စင်း အပါအဝင် (၅’×၅’×၂၆’) Box Culvert (၄)ခု ဆောက်လုပ်သည့်လုပ်ငန်းကို လုပ်ငန်းတန်ဖိုးကျပ် (၁၈၆.၂၈၃)သန်းဖြင့် ဘဏ္ဍာရေးနှစ် အောက်တိုဘာလ ၂၀၂၁ခုနှစ်မှ မတ်လ ၂၀၂၂ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ)နှင့် နီးစပ်သူထံမှ သိရသည်။