Home သတင်း မြဝတီ−မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ကုန်တင်ကားကြီးများကို စတင်သွားလာခွင့်ပြု

မြဝတီ−မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ကုန်တင်ကားကြီးများကို စတင်သွားလာခွင့်ပြု

1166

အောက်တိုဘာလ (၅)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း−မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၆)နာရီမှစ၍ ကုန်တင်ကားကြီးများကို စတင်ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်ကြောင်း ယာဉ်မောင်းသူများထံမှ သိရှိရသည်။

ထိုင်း−မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ဖြတ်သန်းခွင့်ပြုရန် မြဝတီရှိ နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိ လူကြီးများနှင့်၊ ထိုင်းအာဏာပိုင်းများက ညှိနှိုင်းဆွေးနွေးပြီး ယနေ့ နံနက်ပိုင်းတွင် ကားအသေးများကို ဖြတ်သန်းခွင့်မပြုဘဲ ကုန်တင်ကားကြီးများကို နံနက်(၆)နာရီနှင့် ညနေ(၆)နာရီထိ အချိန်ကန့်သတ်၍ စတင် ဖြတ်သန်းခွင့်ပြုနေပြီးဖြစ်ကြောင်း ကုန်တင်ကားကြီးမောင်းတစ်ဦးက ယခုလို ပြောသည်။

“ဒီမနက်ပဲ စဖွင့်တယ်။ ကားတစ်စီးပဲ ဝင်လာတာတွေ့သေးတယ်။ ဒါပေမဲ့ ဝင်လာတဲ့ကားနည်းပါတယ်။ သူတို့က ပစ္စည်း တစ်မျိုးဆို တစ်မျိုးပဲ ယူလို့ရမယ်လေ။ တစ်ခြားကားတွေမရဘူး ကုန်ကားပဲရတယ်။ ကုန်ကားမှာ ကုန်ကားရယ် စပယ်ရာတစ်ယောက်ရယ်၊ မောင်းသမားရယ် ဒါပဲရမယ်။ အချိန်ကတော့မနက် (၆)နာရီ ညနေ (၆)နာရီ သတ်မှတ်ထားတယ်။ ထိုင်းအာဏာပိုင်တွေနဲ့ မြဝတီကုန်သွယ်ရေးတာဝန်ရှိသူတွေနဲ့ညှိပြီးလုပ်တာပေါ့။ ကန့်သတ် ထားတဲ့ပစ္စည်းလည်းရှိတော့ ကားသမားတွေက ဝင်လာဖို့အဆင်မပြေဘူးဖြစ်နေတယ်”ဟု ပြောသည်။

ထိုသို့ ကုန်ကားကြီးများကို ဖြတ်သန်းသွား လာခွင့်ပြုလိုက်သော်လည်း မြဝတီရှိ ကုန်ကားကြီးမောင်းသူများ အနေဖြင့် အခြေအနေကို စောင့်ကြည့်လျက်ရှိနေသေးသည်ဟုလည်း ၎င်းယာဉ်မောင်းက ဆက်ပြောသည်။

“မြဝတီဘက်က အရင်တုန်းကလိုမဟုတ်ဘူးလေ။ အရင်တုန်းကဆိုရင်တော့ လွတ်လပ်တယ်လေ။ ဘယ်သူ မဆိုဝင်လာလို့ရတယ်။ ဘယ်သူမဆိုလုပ်စားလို့ရတယ် အဲ့လိုမျိုးပေါ့။ အခုကျတော့ ပြန်ဖွင့်ပေးလည်း အကန့်အသတ်နဲ့ပဲဆိုတော့ မြဝတီဘက်က ကုန်ကားသမားတွေက အခြေအနေကြည့်ပြီးပဲ လာကြမှာပေါ့”ဟု ထိုယာဉ်မောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလဆန်းပိုင်းခန့်မှစ၍ မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေး တံတားနှင့် ‌သောင်ရင်း မြစ်ကမ်းတ‌လျှောက်ရှိ နယ်စပ်ဂိတ်များကို ဖြတ်သန်းသွားလာခွင့်မပြု‌တော့ဘဲ အမှတ် ၂ ချစ်ကြည်ရေး တံတားမှသာ ကုန်သွယ်မှုနှင့် ထိုင်း‌ရောက်‌နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်သာ အသုံးပြုခဲ့ကြသည်။

မြဝတီမြို့ ထိုင်း−မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၈)နေ့တွင်ကိုဗစ်ကပ်ရောဂါကူးစက်မှု အန္တရာယ်ကြောင့် ထိုင်းဘက်ခြမ်း တာဝန်ရှိသူများ၏ အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ ယာယီပိတ်ထားလိုက်ပြီးနောက် ယခုလို ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။