Home သတင်း ပေါင်မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

ပေါင်မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

1133
Photo: CJ

စက်တင်ဘာ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ စက်တင်ဘာလ(၃) ရက်နေ့ ည (၆)နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ပေါင်မြို့ မင်းလမ်းမလမ်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၁၀ မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အသံက အကျယ်ကြီးပဲ အစ်မတို့အိမ်နားလေးမှာပဲ။ သေနတ်သံကြားတာက (၆)နာရီလောက် ကစပြီးကြားရတာ။ ပေါင်မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ပစ်တယ်လို့ ကြားတယ်။ သေနတ်သံက (၆)ချက်လောက်ရှိတယ်။ တောင်ပေါ်ကနေ ထွေအုပ်နဲ့ရဲစခန်းကို ပစ်ချတာလို့ ပြောသံကြားတယ်။ တောင်ပေါ်မှာတော့ ဆုတောင်းပြည့်ဘုရားရှိတယ်။ ဆုတောင်းပြည့်ဘုရားက ရဲစခန်းထွေအုပ်တို့နဲ့နီးတယ်လေ”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် ထွေအုပ်ရုံးအတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဲစခန်းဘက်တွင်မူ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရှိရကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့ စျေးချိုအဝိုင်း စစ်တပ်ဝန်းထဲတွင်လည်း ယနေ့ည ၈နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ရပ်ကွက်များတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။