Home သတင်း မိနန်းအပ်ရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ

မိနန်းအပ်ရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ

1060

စက်တင်ဘာ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ နယ်မြေ)၊ ကော့ကရိတ်မြို့နယ် (ကျိုက်ဒုံမြို့နယ်ခွဲ)ရှိ မိနန်းအပ်ကျေးရွာထဲတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၄နာရီဝန်းကျင်ခန့်တွင် စစ် ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

မိနန်းအပ်ကျေးရွာနှင့် မနီးမဝေးရှိ ဖုချိမု စစ်ကောင်စီတပ်စခန်းမှတစ်ဆင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ကျိုက်ဒုံမြို့သို့ ပြန်လာပို့ဆောင်လာစဉ် မိနန်းအပ်ကျေးရွာအရောက်တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီမနက်ပစ်တာ ဒေသခံတစ်ဦးထိသွားတယ်လို့ လောလောဆယ်ကြားရတယ်။ မိနန်းအပ်ကနေ မိတန်အထိ ပြန်ဆင်းလာတဲ့လမ်းတစ်လျှောက်မှာ ပစ်ကြတယ်။ ကျိုက်ဒုံဘက်ကလည်း စစ်ကူတွေအများကြီး တက်သွားတယ်။ မိတန်သင်္ချိုင်းကုန်းမှာစစ်တပ်ဘက်က သွားစောင့်ကူပစ်တယ်။ ဒီမနက် (၈)နာရီဝန်းကျင်မှ သေနတ်သံတိတ်သွားတယ်”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ကလည်း မိနန်းအပ်ကျေးရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသလို လက်ရှိတွင် စစ်ကောင်စီတပ်မှ စစ်ကူအမြောက်အများ တက်သွားသည့်အတွက် မိတန်၊ မိနန်းအပ် ဒေသခံအချို့ကိုလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။Photo-KIC