Home သတင်း စစ်ကောင်စီတပ် ဖောလုစစ်စခန်းကို KNLA တပ်မဟာ (၅) တိုက်ခိုက်သိမ်းယူ

စစ်ကောင်စီတပ် ဖောလုစစ်စခန်းကို KNLA တပ်မဟာ (၅) တိုက်ခိုက်သိမ်းယူ

1223
Photo: CJ

စက်တင်ဘာ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ထဲရှိ စစ်ကောင်စီတပ်၏ ဖောလုစစ်စခန်းကိုနယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၅)နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းယူလိုက်သည်ဟု မြေပြင်သတင်းများအရ သိရသည်။

အဆိုပါစခန်းတွင် ရောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ တပ်မဟာ(၃)မှ တစ်ဆင့် လူသောမြို့နယ်ထဲကို ယမန်နေ့စက်တင်ဘာလ (၁)ရက်နေ့တွင် တက်ရောက်လာခြင်းဖြစ်ပြီး နယ်မြေခံ KNLA တပ်မတော်ဘက်မှ ယနေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု KNLA သတင်းအရင်းအမြစ်ဘက်က ပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးထက်မနည်းကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်၊ လက်ပစ်ဗုံးနှင့် စကားပြောစက်အချို့ကို သိမ်းဆည်းရမိသည်ဟု KNLA သတင်းအရင်းအမြစ်များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

၎င်းစခန်းငယ်တက်ရောက်တိုက်ခိုက်သည့်အချိန်တွင် KNLA တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်၏ ထောင်ထားသည့်မိုင်းကို နင်းမိ၍ ခြေထောက်အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှု မရှိကြောင်းလည်း KNLA တပ်မဟာ(၅)နှင့် နီးစပ်သူထံမှ သိရသည်။ သို့သော် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု စာရင်းအသေးစိတ်ကို KNLA တပ်မဟာ(၅)ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Photo: CJ