Home သတင်း လက်နက်ချပူးပေါင်းသည့် စစ်ကောင်စီတပ်သားတစ်ဦးကို KNLA တပ်မဟာ(၅)က ကျပ်သိန်း(၂၀) ပေးအပ်

လက်နက်ချပူးပေါင်းသည့် စစ်ကောင်စီတပ်သားတစ်ဦးကို KNLA တပ်မဟာ(၅)က ကျပ်သိန်း(၂၀) ပေးအပ်

1148
Photo: KNU-Mutraw News

စက်တင်ဘာ ၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စခန်းစွန့်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၅)ထံ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို KNLA ဘက်မှ ကျပ်သိန်း(၂၀) ပေးအပ်ခဲ့သည်ဟု မူတြော်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သည် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၈ )လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၉၃)မှ ကိုယ်ပိုင်အမှတ် (တ/၄၈၆၆၅၂) အသက်(၂၅)နှစ်အရွယ် တပ်သားမောင်သန့်ဇင်အောင်ဖြစ်ပြီး (MA-3) သေနတ်တစ်လက်၊ ကျည် ၁၇၀ထောင့်နှင့် လက်ပစ်ဗုံးတစ်လုံး ယူဆောင်လာခဲ့ည်ဟု မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

တပ်စခန်းရှိအရာရှိများမှ လက်အောက်ငယ်သားများကို မတရားဖိနှိပ်ချုပ်ချယ်သည့်အပြင် ထမင်းဝအောင် မစားရသည့်အတွက် မခံနိုင်တော့သည့်အဆုံး ယခုလို ထွက်ပြေးရခြင်းဖြစ်ကြောင်း အဆိုပါ တပ်သား မောင်သန့်ဇင်အောင်က မူတြော်ခရိုင်သတင်းစဉ်ကို ယခုလို ပြောဆိုထားသည်။

သူက “အကြမ်းဖက်စစ်ကောင်စီမှာ အမှုထမ်းဆောင်နေတဲ့အချိန်မှာ အထက်အရာရှိများက လက်အောက်ငယ် သားများအပေါ် မတရားဖိနှိပ်ချုပ်ချယ်တယ်။ ခွဲခြားဆက်ဆံတယ်။ ရှေ့တန်းထွက်တဲ့အချိန်မှာ အစားအစာ ဝဝလင်လင် မစားရဘူး။ အထက်အရာရှိများက စားချင်တာစားလို့ရတယ်။ ကျနော်တို့ကတော့ တစ်ရက်ထမင်း စားတယ်၊ နောက်တစ်ရက်မှာ ဆန်ပြုတ်စားရတယ်။ ကျနော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တယ်။” ဟု ပြောသည်။

အဆိုပါ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်သည် တစ်ဖက်ထိုင်းနိုင်ငံဘက်တွင် အလုပ်သွားရောက်လုပ်ကိုင်ရန် ရွယ်ရည်ချက်ရှိကြောင်း ပြောဆိုထားသည့်အတွက် KNU မူတြော်ခရိုင် တာဝန်ရှိသူဘက်မှ စီမံဆောင်ရွက်ပေးနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။