Home သတင်း ရေးမြို့တွင် မြို့တွင်းတိုက်ခိုက်မှုများကြောင့် ကျောင်းတက်သူများ နည်းပါးလာ

ရေးမြို့တွင် မြို့တွင်းတိုက်ခိုက်မှုများကြောင့် ကျောင်းတက်သူများ နည်းပါးလာ

1199
Photo: CJ

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ် ၊၊ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့တွင် စာသင်ကျောင်းများဖွင့်လှစ်ထားသော်လည်း မြို့တွင်း တိုက်ခိုက်မှုများဖြစ်ပေါ်လာပြီးနောက် ကျောင်းတက်သူ ကျောင်းသူ၊ ကျောင်းသား ဦးရေနည်းပါးလာကြောင်း မြို့ခံကျောင်းသား မိဘများထံမှ သိရသည်။

ရေးမြို့အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန(လဝက)ရုံး ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး ဒုမြို့နယ်လဝကမှူးအပါအဝင် စုစုပေါင်းသုံးဦး သေဆုံးခဲ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် ရေးမြို့နေ ပြည်သူများအနေဖြင့် မိမိတို့၏ ကလေးများအတွက် လုံခြုံရေးစိုးရိမ်မှုရှိလာသောကြောင့် ကျောင်းမတက်ခိုင်းကြတော့ကြောင်း ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

၎င်းက”ဒီဘက်မှာတော့ ကလေးတွေကိုကျောင်း မပေးတက်ကြတော့ဘူး။ ပြီးတော့ကလေးတွေအတွက်လည်း စိတ်မချရဘူး။ တစ်ခုခုဆိုဘာမှလုပ်လို့မရတော့ဘူး။ ဈေးတွေဘာတွေသွားရင်လည်း‌ ကျောင်းဘက်ကြည့် ဖြစ်တယ်။ တက်တဲ့လူတော့ ရှိတာပေါ့။ ဒါပေမဲ့ အရင်ကလောက်မများတော့ဘူး‌။ တော်တော်နည်းလာတယ်။ ကျောင်းလာတက်တဲ့ သူတွေသိသိ သာသာကြီးကိုနည်းလာတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ရေးမြို့နယ်အတွင်းရှိစစ်ကောင်စီကို ပံ့ပိုးပေးနေသည့် ထောက်တိုင်များအနေဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် နောက်ဆုံးထားနုတ်ထွက်ကြရန် တော်လှန်ရေးအင်အားစုအဖွဲ့များက သတိပေးထုတ်ပြန်ထားပြီး ဩဂုတ်လ ၃ ရက်နေ့တွင်မူ မြို့တွင်း လဝက ရုံးကိုဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” ကျနော်လည်းပြောမတတ်တော့ဘူး။ လူထုက နှစ်ဖက်လုံးကိုပိုကြောက်နေရတဲ့ သဘောဖြစ်နေပြီး။ ဒီအချိန်ကလည်း ဘာဥပဒေမှမရှိဘူး။ ပြီးတော့ ရှစ်တန်းလား၊ ခုနှစ်တန်းလား ပျောက်သွားတာ ၁၂ ရက် လောက်ရှိပြီး။ ကလေးမကထင်သလောက် ဦးနှောက်က သိပ်မပြည့်နေဘူး။ အဲ့လိုကိစ္စတွေကြောင့် ကျောင်သားမိဘတွေက ကျောင်းပေးမတက်တာဖြစ်မယ် ”ဟု အမည်မဖော်လိုသူ ရေးမြို့ခံတစ်ဦးက ပြောသည်၊၊

ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြို့တွင်းပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အခုရက်ပိုင်းတွင် ပြန်လည်ငြိမ်သက်သွားခဲ့သော်လည်း ပစ်ခတ်မှုများကြောင့် ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကလည်း ဒေသန္တအမိန့်အရ ညမထွက်ရအမိန့်ကို ဩဂုတ်လ ၅ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။