Home သတင်း ကျုံဒိုးနယ်ထဲတွင် ကလေးငယ်များအကြား အရေပြားအဖုအပိတ်ဖြစ်ပွားမှုများနေ

ကျုံဒိုးနယ်ထဲတွင် ကလေးငယ်များအကြား အရေပြားအဖုအပိတ်ဖြစ်ပွားမှုများနေ

2424

ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ ကျေးရွာအချို့တွင် ကလေးသူငယ်များအကြား အရေပြားပေါ်တွင် အရည်ကြည်အဖုအပိတ်ဖြစ်ပွားမှုများနေသည်ဟု ဒေသခံများထံမှ သိရသည်။

(၅)နှစ်အောက် ကလေးငယ်များကိုသာ အများစုဖြစ်ပွားလျက်ရှိပြီး ပါးစပ်အတွင်းပိုင်းနှင့် ခန္ဓကိုယ်အနှံ့တွင် အရည်ကြည်ဖုများပေါက်ကာ အဖုများစထွက်သည့်အချိန်တွင် အချို့ကလေးငယ်များမှာ ကိုယ်ပူခြင်းနှင့်အတူ နှာရည်ယိုခြင်းစသည့်လက္ခဏာများတွေ့ရှိရသည်ဟု ကလေးမိဘများ၏ ပြောဆိုချက်အရ သိရသည်။

ကလေးမိခင် နန်းအဲဆန့်က “ရွာမှာက ကလေးငယ်တွေပဲဖြစ်တာများတယ်။ ကျမကလေးက စစချင်းဖြစ်တဲ့နှစ်ရက်လောက် ငိုတယ်၊ ကျန်တဲ့ရက်တွေက မငိုတော့ဘူး။ အရည်ကြည်စထွက်တဲ့အချိန်မှာ ယားတော့အိပ်မရဘူးငိုတယ်။ ကျမကလေးက အဖျားတော့မတက်ဘူး၊ စဖြစ်တာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပေးသောက်တော့။ တချို့ကလေးတွေက အဖုတွေပေါက်တဲ့အချိန်မှာဖျားတယ်၊ နှာရည်ယိုတာတွေ၊ ချောင်းဆိုးတာတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အရေပြား အရည်ကြည်ဖုများ ဖြစ်ပွားသည့် ကလေးငယ်အများစုသည် စဖြစ်သည့် (၃)ရက်အတွင်းတွင် အရည်ကြည်ဖုများထွက်ပြီး အနာပျောက်ကင်းရန် အချိန် ၇ ရက်ကျော်ကြာသည်ဟု ကြုံတွေ့နေရသည့် ကလေးမိဘ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ ကလေးငယ်များဖြစ်ပွားသည့် လက္ခာသည် သာမန်အရေပြားရောဂါတစ်မျိုးသာဖြစ်ပြီး အချင်းချင်း ထိတွေ့မှုမှတစ်ဆင့် ရောဂါဖြစ်ပွားကြခြင်းဖြစ်ကာ အလွန်စိုးရိမ်ရသည့် လက္ခဏာမဟုတ်သော်လည်း ဖြစ်ပွားသည့်အချိန်တွင် သန့်ရှင်းမှုထားရှိရန် အရေးကြီးသည်ဟု ကျုံဒိုးမြို့နယ်ရှိ ဆရာဝန်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ အခုကလေးတွေဖြစ်တဲ့ဟာက အရေပြားကြောင့် ဖြစ်တဲ့ဘက်ထရီးယားတွေပေါ့။ အရေပြားမှာဖြစ်တဲ့ ကူးစက်ရောဂါတွေပေါ့။ ကလေးအချင်းချင်း ထိတွေ့မှုတွေ၊ ပြီးတော့ အဝတ်အထည်တွေကနေတစ်ဆင့်ကူးစက်တယ်။ ပုံမှန်အရေပြားလောက်ပဲဆိုရင်တော့ အမာရွတ်ကျန်တာရှိမယ်။ အဲဒီပိုးက သွေးထဲဝင်ရင်တွေ သွေးဆိပ်တက်သေတတ်တာပေါ့။ ကလေးတစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအားပေါ်မှာပဲမူတည်တယ်။ ပြီးတော့ ဆေးရနိုင်ခြေရှိမရှိ မှန်ကန်တဲ့ကုသမှုရရင်တော့ ကောင်းတယ်။” ဟု ထိုဆရာဝန်က ပြောသည်။

၎င်းအပြင် ကျေးလက်နေထိုင်သူ အများစုသည် အရေပြားရောဂါဖြစ်ပွားမှုများသည်ကို တွေ့ရှိရသည့်အပြင် ယခုနှစ် မိုးရာသီတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများနေသည်ကိုလည်း တွေ့ရှိရသည်ဟု ဒေသအတွင်းရှိ ဆေးကုသပေးနေသည့် ကျန်းမာရေးလုပ်သားများနှင့် ဆရာဝန်များက ပြောသည်။