Home သတင်း မြ၀တီတွင် ထိုင်းဘက် အလုပ်သမား ပို့သည့်ပွဲစား လိမ်လည်မှုကြောင့် လူ ၈၀၀ ခန့် စားသောက်စရာ နေရာထိုင်ခင်း အခက်အခဲကြုံနေရ

မြ၀တီတွင် ထိုင်းဘက် အလုပ်သမား ပို့သည့်ပွဲစား လိမ်လည်မှုကြောင့် လူ ၈၀၀ ခန့် စားသောက်စရာ နေရာထိုင်ခင်း အခက်အခဲကြုံနေရ

1324
Photo: CJ

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တွင် မြန်မာပြည်အရပ်ရပ်မှ ထိုင်းနိုင်ငံဘက်ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ရန် ရောက်ရှိလာသူ လူ ၈၀၀ ခန့်သည် အလုပ်သမား ပို့ဆောင်သည့် ပွဲစား၏ လိမ်လည်မှုကြောင့် လက်ရှိအချိန်တွင် စားသောက်စရာနှင့် နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။

အဆိုပါ အလုပ်သားများအား ထိုင်းနိုင်ငံဘက် ပို့ဆောင်မည့် ပွဲစား ၅ ဦးမှ ငွေလိမ်လည်လူစုခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးအမှုဖွင့်ထားသော်လည်း လိမ်လည်ခံရသည့် ငွေကြေးများပြန်လည်ရရှိရန် စောင့်ဆိုင်းနေစဉ် ကာလအ တွင်း အလုပ်သမားများနေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲများကြုံတွေ့နေကြရခြင်းဖြစ်ကြောင်း မြ၀တီမြို့ ရွှေ့ပြောင်းလုပ်သားလေ့လာစောင့်ကြည့်ရေး အဖွဲ့တာ၀န်ရှိသူများက ပြောသည်။

၎င်းက “ထိုင်းပို့မယ်၊ သူတွေကို တစ်ယောက် ၈ သိန်း၊ ၁၀ သိန်းယူထားပြီး လူနေအဆောင်တွေ၊ အိမ်တန်းလျား တွေ၊ ဘုန်းကြီးကျောင်းတွေ၊ တည်းခိုခန်းတွေမှာထားထားတာ။ လူ ၈၀၀ လောက်ရှိနေတယ်။ ဒါကို ကျနော်တို့ မြ၀တီမြို့က တာ၀န်ရှိသူတွေနဲ့ ပူးပေါင်းပြီး လိမ်လည်သူတွေကို ရှာဖွေရာမှာ သက်သေခံ ငွေ ၃၃၈ သိန်းနဲ့ လူ ၅ ဦး ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီးတော့ ဇူလိုင် ၂၄ ညက မြ၀တီမြို့မရဲစခန်းမှာ အလိမ်ခံရတဲ့ အလုပ်သမားတွေက အမှု ဖွင့်ရာမှာ ပြည်ပအလုပ်အကိုင်ပုဒ်မ ၂၆ ၊ ပ/ ၁၃၉ နဲ့ အမှုဖွင့်နိုင်ခဲ့ပါတယ်။ သူတို့လိမ်ခံရတဲ့ငွေတွေ ပြန်ရဖို့ အမှုရင် ဆိုင်ရမယ့် အချိန်အတွင်း နေထိုင်ဖို့၊ စားသောက်ဖို့ စားသောက်နေထိုင်စရိတ်တွေ ပြတ်လပ်ကုန်ပြီလေ၊ သူတို့ နေဖို့၊ စားဖို့အကူအညီလိုအပ်နေတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် မြ၀တီ မြို့ ချမ်းမြေ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် လူ ၃၀၀ ခန့်အား ယာယီနေရာထိုင်ခင်း စီစဉ်ပေးထားပြီး အခြားအိမ်တန်းလျားများ၊ တည်းခိုခန်းများတွင် နေထိုင်နေကြသူများအတွက်ပါ စားသောက်စရာ အခက်အခဲရှိနေကြောင်း လိမ်လည်ခံခဲ့ရသည့် အလုပ်သမားတစ်ဦးက ပြောသည်။

၎င်းက “အခု လိမ်လည်ခံရသူတွေ၊ ငွေတွေ ပြန်ရဖို့ ၊ သူတို့ကို ငွေကြိုပေးထားတဲ့ သူတွေ အစုအဖွဲ့ အလိုက် စာရင်းကောက်နေတယ်။ နစ်နာသူအလုပ်သမားတွေကပဲ သက်သေထွက်ဖို့ တရားရင်ဆိုင်ဖို့တွေတော့ ဆက်လုပ် နေတာဆိုတော့ ဒီမြို့မှာ ဆက်နေဖို့က လူအများကြီးဆိုတော့ အခုဘုန်းကြီးကျောင်းမှာ ယာယီနေဖို့ လူ ၃၀၀ စာလောက် အဆင်ပြေတယ်။ စားသောက်ဖို့က မြ၀တီက အလုပ်သမားကူညီရေး အဖွဲ့တွေကတော့ နီးစပ်ရာ အလှူခပြီး ကျွေးမွေးဖို့တော့ လုပ်ကူပေးနေတယ်။ ဘယ်လိုတွေ ဆက်ကြုံရအုံးမလဲဆိုတာတော့ မသိတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်လုပ်ကိုင်ရန် ရောက်ရှိနေကြသည့် ပြည်တွင်း ဒေသအသီးသီးမှ အလုပ်သမားများအား ထိုင်းဘက်နှင့် မြန်မာဘက် အလုပ်အကိုင် ပွဲစားများမှ ယုံကြည်အောင် ပြောဆိုစည်းရုံးကာ ငွေကြေးလိမ်လည်ရယူမှုများအများအပြား ကြုံတွေ့ ခံစားနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ပြန်လည်စတင်သည့် ထိုင်း-မြန်မာ အလုပ်သမားပို့ဆောင်ရေး အစီအစဉ် MOU စနစ်အရ ထိုင်းနိုင်ငံဘက်သို့ အလုပ်အကိုင်ရရှိရေး လုပ်ဆောင်ကြရာတွင် ထိုင်းနိုင်ငံဘက်သို့ အလုပ်သမားပို့ ဆောင်ပေးသည့် လူပွဲစားများ၏ စာရွက်စာတမ်းလိမ်လည်လုပ်ဆောင်ခြင်း၊ အလုပ်အမျိုးအစားမတူညီသော လုပ်ငန်းခွင်များသို့ ပို့ဆောင်ခံရခြင်း၊ လုပ်ခလစာ လိမ်လည် ဖြတ်တောက်ခံရခြင်းများကို ရွှေ့ပြောင်း အလုပ်သမား များအနေဖြင့် ကြုံတွေ့နေကြရသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

၎င်းအပြင် တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လုပ်ကိုင်သွားလာမှုများတွင်လည်း လူပို့ ပွဲစား၊ အလုပ်ပွဲ စားများမှ လိမ်လည်ပို့ဆောင်စဉ် ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် ထိုင်းနိုင်ငံဘက် အလုပ်လုပ် ကိုင်မည် ဆိုပါက သေချာစုံစမ်းပြီးမှ တရား၀င် လာရောက်ကြရန်နှင့် အဆိုပါ လိမ်လည်ခံထားရသူများအား ငွေကြေးပြန် လည်ရရှိရေး နှင့် ထိုင်းနိုင်ငံဘက် အလုပ်အကိုင် ရရှိရေး၊ လိမ်လည်သူများအား အမှုဖွင့်အရေးယူနိုင်ရေးတို့ အား လိမ်လည်ခံထားရသည့် အလုပ်သမားများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ရွှေ့ပြောင်း လုပ်သားလေ့လာစောင့်ကြည့်ရေးအဖွဲ့တာ၀န်ရှိသူများက ပြောသည်။