မေလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားရာ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုး ၊ဘလယ်ဒို ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု လုပ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာမှုကြောင့် မြဝတီမြို့တောင်ဘက် သေ့ဘောဘိုး ၊ဘလယ်ဒို ကျေးရွာအနီးတွင် မေလ ၁၇ ရက်ညက စစ်ကောင်စီ တပ်နှင့် KNLA ပူးပေါင်းတပ်များတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့မနက်ပိုင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။
“၁၂ နာရီ ၁၅ မိနစ်စပြီး ပစ်တယ်။ သေ့ဘောဘိုးကျေးရွာတဝိုက်မှာပဲ ပစ်သွားတာ။ အိမ်တွေလည်း ထိမှန်မှာသေချာတယ်။ အခုထိ ပစ်နေတုန်းပါပဲ”ဟု သေ့ဘောဘိုး ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ယနေ့နံနက် ၁၁ နာရီခန့်တွင် စစ်ကောင် စီရဟတ်ယာဉ်တစ်စင်း လာရောက်ပျံဝဲပြီး အခြေအနေလာရောက် လေ့လာမှု လုပ်ဆောင်သွားပြီးနောက် ယခုလို လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟုလည်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။
ယနေ့ နံနက်တွင်လည်း ကြာအင်းဆိပ်ကြီး ကျိုက်ဒုံ၊ ခုတ်ခွား ဒေသဘက်သို့ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီး လှည့်လည် ပျံသန်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
မြ၀တီ-ဝေါလေလမ်းပိုင်းတွင် မြ၀တီ ၊ လေးကေကော်၊ ဝေါလေ၊ ဥုကလိထာ့၊ သေ့ဘောဘိုး၊ ဘလယ်ဒို ဒေသဘက်တွင် မေလအတွင်းပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သလို ကော့ကရိတ် -တောင်ကြာအင်းဒေသ၊ ကြာအင်းဆိပ်ကြီး -ခလယ်တံခွန်တိုင်ဒေသ၊ ကျိုက်ဒုံ -ခုတ်ခွား ဒေသများတွင် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့်စစ်ရေးတင်းမာနေဆဲဖြစ်သည်။



















