Home သတင်း တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပါဝင်နိုင်ရန် မိတ်ဖက်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း KNU တပ်မဟာ-၁ ကြေညာ

တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပါဝင်နိုင်ရန် မိတ်ဖက်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း KNU တပ်မဟာ-၁ ကြေညာ

1115
Photo: KNLA

မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းအသီးသီး စုစည်းညီညွတ်စွာရပ်တည်လှုပ်ရှားဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း ယမန်နေ့ မေလ ၁၆ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေအတွင်း ဝင်ရောက်ခိုလှုံနေကြသည့် စစ်အာဏာရှင် ဆန့်ကျင်တိုက်ပွဲဝင်နေကြသော အမျိုးမျိုးသော ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများကို စုစည်း၍ ကြီးကြပ်ကွပ်ကဲမှုတစ်ခုတည်းတွင် အတူတကွတိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော်မတီ၏ ပြောခွင့်ရ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဒီကော်မတီကို ဖွဲ့စည်းထားတာတော့ လပေါင်းမနည်းကြာနေပြီ။ အခုမှ တရားဝင် ထုတ်ပြန်လိုက်တာပါ။ ဒီကော်မတီထဲမှာက ကျနော်တို့ ကေအဲန်ယူ တပ်မဟာ (၁)ရဲ့ တပ်ပိုင်းဆိုင်ရာကော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကောပါဝင်သလို ကျနော်တို့ဆီကို တက်လာခဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ PDF တွေလည်းပါတယ်။ နောက်ပြီး CRPH လည်း ကျနော်တို့ ကော်မတီထဲမှာလည်း အတူတကွပါဝင် လုပ်ဆောင်နေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကော်မတီကို ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကေအဲန်ယူ သထုံခရိုင်၏ ခရိုင်အလုပ်အမှုဆောင်ကော်မတီ အစည်းအ ဝေးဆုံဖြတ်ချက် အပိုဒ်(၅)အရ အတည်ပြုထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကော်မတီတွင် ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းအသီးသီးအနေဖြင့် ကော်မတီ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ စုစည်းညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင် သွားကြမည်ဟု ခိုင်မာစွာသဘောတူ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။