ဧပြီ ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးအနားကျေးရွာများတွင် တိုက်ပွဲများပြင်းထန်သော်လည်း ယခုနှစ်သင်္ကြန်စည်ကားရန်အတွက် ကော့ကရိတ်မြို့ထဲတွင် စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကြီး စတင်ဆောက်လုပ်လျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ယခုအချိန်ထိ မြို့၏ အနီးအနားကျေးရွာများတွင် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွား၍ သောင်းနှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော်လည်း တစ်ဖက်တွင် မြို့ထဲ၌ ပျော်ပွဲရွှင်ပွဲနှင့် သင်္ကြန်စည်ကားရန်အတွက် စစ်ကောင်စီဘက်က ဖျော်ဖြေရေး မဏ္ဍပ်ကြီးများ ဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။
ကော့ကရိတ်မြို့အနီးရှိ စစ်ရှောင်တစ်ဦးက “ အခုစစ်ရှောင်တွေက မြို့နဲ့နီးပေမဲ့လည်း KNU ထိန်းချုပ်နယ်မြေထဲက လူဆိုပြီး ဖြစ်ချင်ရာဖြစ် ပုံစံမျိုးနဲ့ သတ်မှတ်တာဖြစ်မယ်။ ဂရုမစိုက်ဘူး မြို့မှာတော့ ငြိမ်းချမ်းတယ်။ ပျော်ပျော်ရွင်ရွှင်ပဲ အဲလိုပုံစံနဲ့ လုပ်တာဖြစ်မယ်။ သင်္ကြန်မဖြစ်ဖြစ် အောင်လုပ်ဖို့ စစ်တပ်ဘက်က အခုရက်ပိုင်း ပစ်ခတ်မှုတွေနည်းနည်း ပြန်ထိန်းနေတာကို မြင်တွေရတယ်ပေါ့” ဟု ကော့ကရိတ်တောင်ပိုင်းရှိ စစ်ရှောင်တစ်ဦးက ပြောသည်။
ကရင်ပြည်နယ်တွင် ယခုနှစ်သင်္ကြန်စည်ကားစေရန်အတွက် စစ်ကောင်စီဘက်မှ မြို့နယ်အလိုက် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် ညွှန်ကြားထားသလို မြို့နယ်အလိုက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက သင်္ကြန်ဖျော်ဖြေရေးအတွက် သင်္ကြန်ယိမ်းအဖွဲ့များ ဖွဲ့ရန် ညွှန်ကြားထားသည်ဟု သိရသည်။
ကရင်ပြည်နယ်၏ မြို့တော်ဖားအံတွင်လည်း သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဖျော်ဖြေရေးသင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေပြီဖြစ်ပြီး သင်္ကြန်ဗဟိုမဏ္ဍပ်ကို လုံခြုံရေးတင်းကြပ်ထားသည့် ဖားအံမြို့ သီရိကွင်းတွင် ဆောက်လုပ်ကာ သင်္ကြန်တွင်အသုံးပြုရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထဲတွင် ငွေလိုက်လံကောက်ယူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဖားအံမြို့ရှိ ဒေသခံတစ်ဦးကတော့ “သင်္ကြန်အတွက် ရပ်ကွက်တိုင်းမှာ အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံလိုက်ကောက်တယ်။ အိမ်တိုင်းကောက်၊ မကောက်တော့မသိဘူး။ တစ်အိမ်ကို နှစ်ထောင် ကောက်တဲ့အိမ်လည်းရှိတယ်။ တစ်သောင်းကောက်တဲ့အိမ်လည်းရှိတယ်။ တစ်သောင်းအထက်လည်း ကောက်တာရှိတယ်။ စီပွားရေးကိုကြည့်ပြီး ကောက်တာပေါ့။ ကျနော်က အိမ်ငှားရှိတော့ သင်္ကြန်အတွက် အလှူဆိုပြီး ငါးသောင်းတောင်းတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် အချိန်ဖြစ်သည့်အတွက် စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများဘက်က တိုက်တွန်းမှုများလုပ်ဆောင်လျက်ရှိသလို ယခုနှစ်သင်္ကြန်ပွဲတော်တွင် အပျော်သင်္ကြန်မဟုတ်ဘဲ တော်လှန်သင်္ကြန် ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်တွန်း နိုးဆော်မှုများရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှစပြီး လူစုလူဝေးနှင့် သင်္ကြန်ရေပက်ကစားခြင်းကို ပိတ်ပင်ထားသလို ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းသည့်အတွက် ပြည်သူအများစုက သင်္ကြန်ပွဲကျင်းပခြင်းကိုဆန့်ကျင်၍ စစ်ကောင်စီကို တော်လှန်ခဲ့ကြသည်။
သို့သော် ကရင်ပြည်နယ် စစ်ကောင်စီကမူ ၎င်းတို့၏ အစိုးရရုံးဝင်းဧရိယာတွင် လုံခြုံရေးတင်းကြပ်ပြီး သင်္ကြန်ပွဲတော် အကျဉ်းချုပ် ကျင်းပခြင်းရှိသလို အထင်ကရနေရာအချို့တွင် သင်္ကြန်ရေ ပက်မဏ္ဍပ်ဆောက်ကာ သင်္ကြန်ပွဲကျင်းပခြင်းရှိခဲ့သည်ဟု သိရသည်။



















