Home သတင်း မောခီးစခန်းအနီးတွင် ဒေသခံအရပ်သားနှစ်ဦးအား စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်

မောခီးစခန်းအနီးတွင် ဒေသခံအရပ်သားနှစ်ဦးအား စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်

1225

ဧပြီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအုပ်စု၊ စစ်ကောင်စီ၏ မောခီးစခန်းအနီးရှိ ကွီးဆဲဖောကျေးရွာတွင် ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်ခန့်တွင် လုံခြုံရေးရယူနေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များက အပြစ်မဲ့အရပ်သားနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုသည်။

မောခီးအခြေစိုက် စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကွီးဆဲဖောရွာတွင် ယနေ့ နံနက် (၇) နာရီအချိန်ခန့်က ဝင်ရောက်နေရာယူနေစဉ် မော်ဖိုးကလိုး ဒေသခံ ကျေရွာသား (၂) ဦးမှ ထော်လာဂျီ (ဒေသအခေါ်လို့ကထယ်)ဖြင့် ကွီးဆဲဖော ကျေးရွာသို့ လာရာတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ အမေးအမြန်းမရှိ ပစ်သတ်လိုက်ကြောင်း နယ်မြေခံ KNLA တပ်မှူးက ယခုလိုပြောသည်။

၎င်းက “၇ နာရီလောက်က မောခီးစခန်းက စစ်တပ်က ကွီးဆဲဖောကို ဆင်းသွားတယ်။ အဲ့မှာ ဒေသခံနှစ်ယောက်က မော်ဖိုးကလိုးကနေ ကွီးဆဲဖောကို လို့ကထယ် (ထော်လဂျီ)နဲ့လာတဲ့အခါ ရွာထပ်ရောက်ရင်ပဲ တခါတည်း ပစ်သတ်လိုက်တယ်။ အဲ့မှာ လို့ကထယ် ပေါ်မှာပဲ ပွဲချင်းပြီးပဲ သေသွားတယ်။ “ ဟု ကေအိုင်စီသို့ ပြောသည်။

အပစ်သတ်ခံရသူများမှာ မော်ဖိုးကလိုး ဒေသခံ အသက် (၅၀) နှစ်အရွယ် စောဖားလီနော်နှင့် အသက် (၃၅) နှစ်အရွယ် စောတာသူးတို့ဖြစ်ကြပြီး ပစ်သတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိ မောခီးစခန်းကို ပြန်လည်ဝင်ရောက်လာသည့် အမှတ် (၁၃) စစ်ဆင်ရေးကွပ်မှုဌာနချုပ် လက်အောက်ခံ နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့(နဗဟ-၁) မှ မြင့်ကျော် ဦးစီးသည့် ခြေမြန်တပ်ရင်း (ခမရ-၅၆၀)(ခမရ-၅၆၁) (ခမရ-၅၈၅) (ခမရ-၅၅၉) ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း ထို KNLA တပ်မှူးက ဆက်ပြောသည်။

အဆိုပါ ပစ်သတ်ခံလိုက်ရသည့် ဒေသခံ ရွာသားနှစ်ဦး၏ ရုပ်အလောင်းကို ၎င်းတို့ ကျေးရွာရှိရာ မော်ဖိုးကလိုး ကျေးရွာသို့ ဒေသခံရွာသားများမှ ပြန်လည်သယ်ယူ ပို့ဆောင်ပေးလိုက်ပြီး ချက်ချင်းမြေမြှုပ်သင်္ဂြိုဟ် ပေးလိုက်ကြောင်း သိရသည်။

ယခုလို အရပ်သား အပစ်သတ်ခံရမှု ဖြစ်စဉ်မှာ စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိမောခီးစခန်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း ဒေသခံ ကျေးရွာများသို့ လိုက်လံသွားလာ၍ ကြိမ်းမောင်းပြောဆိုမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က မောခီးအခြေစိုက် စစ်ကောင်စီခံစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တိုက်ခိုက်သိမ်းယူလိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

၎င်းစခန်းကို ပြန်လည်ရယူရန်အတွက် စစ်ကောင်စီဘက်မှတပ်အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်ရန် ကြိုးစားသော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားရှိခဲ့သည်။

ထို့နောက် ၎င်းစခန်းကို စစ်ကောင်စီဘက်က ပြန်ထိုင်နိုင်ရန် ကော့ကရိတ်-မြဝတီလမ်းပိုင်းနှင့် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်-ဝေါလေ နယ်ခြားလမ်းမှ စစ်အင်အား စစ်ကူပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း KNLA ဘက်က ပြောဆိုပြီးနောက် ယခု ဧပြီလ ၆ ရက်နေ့တွင် မောခီးစခန်းသို့ ပြန်လည်ဝင်ရောက် စခန်းချနိုင်ခဲ့ကြောင်း သိရသည်။