Home သတင်း စစ်ဘေးရှောင်ထံ စားသောက်စရာပေးပို့ကူညီနေသူများအား အသွားအလာကန့်သတ်ထားသဖြင့် အခက်တွေ့နေ

စစ်ဘေးရှောင်ထံ စားသောက်စရာပေးပို့ကူညီနေသူများအား အသွားအလာကန့်သတ်ထားသဖြင့် အခက်တွေ့နေ

1170
Photo: CJ

ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဝေါလေလမ်းကြောင်းတစ်လျှောက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေသူများထံ စားသောက် စရာပေးပို့ကူညီနေသူများအား ထိုင်းစစ်တပ်မှ အသွားအလာကန့်သတ်ထားသဖြင့် ကူညီပေးရေးအဖွဲ့များ အခက်တွေ့နေသည်ဟု ပြောဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါလေလမ်းပိုင်းတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြောင့် သောင်ရင်းမြစ်ဘေးနေရာများတွင် စုဖွဲ့နေထိုင် စစ်ဘေးရှောင်နေကြရသည့် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများအတွက် မဲဆောက်မြို့ဘက်မှ စစ်ဘေးရှောင်ကူညီသူအလှူရှင်များက စားသောက်စရာနှင့် နေရာထိုင်ခင်း များကူညီပို့ဆောင်မှုအား ထိုင်းအာ ဏာပိုင်ဂိတ်များမှသွားလာကူညီခွင့်ကန့်သတ်ထားသည့်အတွက် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

မဲဆောက် အခြေစိုက် စစ်ဘေးရှောင်အရေး ကူညီသူတစ်ဦးက”မနေ့က စားစရာကူပို့တာမှာ ပိုဆိုးလာတယ်။ ထိုင်းစစ်တပ်က လုံးဝပေးမသွားတော့တာ၊ ကားတွေ ပြန်လှည့်ခိုင်းတယ်။ အရင်တိုက်ပွဲဖြစ်နေတဲ့ရက်ကတောင် တိုက်ပွဲငြိမ်သွားရင် ပေးသွားကူလို့ရတယ်၊ အခုသောင်ရင်းမြစ်ဘေးနေရာတွေမှာ ရှောင်နေရတဲ့ စစ်ရှောင် ဒေသခံတွေက မဲ့ကိုကင်းကနေ ဝေါလေ ၊ ကျောက်ခက် ၊ သေ့ဘောဘိုး၊ မော်လီချိုင်းအထိကို ထိုင်းစစ် တပ် ဂိတ်ကြီး ၃ ဂိတ်ရှိတယ်၊ ဘယ်ဂိတ်ကမှ နယ်စပ်ကို ပေးမဆင်းတာကြောင့် ထိုင်းကရင်ရွာတွကအလှူခံ အကူအညီနဲ့ ချိတ်ဆက်ပြီး ပို့ကူရေးလုပ်နေရတယ်၊”ဟု ပြောသည်။

Photo: CJ

လေးကေကော်ဒေသ အုပ်စု ၇ စုနှင့် ဝေါလေ-ကနဲလေး – မော်ခီးအထိ စစ်ရှောင်ဦးရေ ၁၆,၀၀၀ ကျော်ရှိပြီး အဆိုပါ စစ်ဘေးရှောင်များအား ဒေသထိုင်းအာဏာပိုင်များဘက်က နိုင်ငံထဲ ပေးမနေသဖြင့် သောင်ရင်းမြစ်ဘေး တောင် ယာကုန်းနှင့် မြစ်ဘေးများတွင် တဲထိုးပြီး ခိုလှုံနေကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ-၆)နယ်မြေ ဒေါနတောင် အရှေ့ခြမ်း မြဝတီ- ဝေါလေဒေသနှင့် ဒေါနတောင် အနောက်ခြမ်း ကော့ကရိတ်၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး ဒေသများဘက်သို့ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်နေသောကြောင့် ဒေသတွင်း ကျေးရွာပေါင်း ၅၀ ကျော်မှ စစ်ဘေးရှောင်နေရသူ လေးသောင်းနီးပါးအထိရှိလာနေပြီးဟု စစ်ရှောင်ကူညီသူများ ပြုစုထားသည့် စာရင်းအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ဒေသခံများ စားသောက်နေထိုင်ရေး အကူအညီများအား KNU လူမှုကူညီရေးအဖွဲ့များ၊ NUG အစိုးရ ကူညီရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုအချို့ရှိသော်လည်း လက်ရှိအနေအထားတွင်မူ မဲဆောက်ဘက်နှင့် မြန်မာပြည်တွင်းဘက်မှ ကူညီစောင့်ရှောက်ရေး အစီအစဥ်များအနေဖြင့် တစ်ပိုင်တစ်နိုင်အကူအညီပေးနေသူ အလှူရှင်များ ပို့ဆောင်ပေးသည့် စားသောက်စရာများကိုသာ အဓိကအားထားနေရသည့်အတွက် ရေရှည်ရပ်တည် နိုင်ရန်အခက်အခဲများရှိလာနိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။