Home သတင်း အာရှလမ်း တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ရင်းမှူး အပါအဝင် ၉ ဦး‌သေဆုံး၊ ‌ဒေသခံတစ်‌ထောင်ဝန်းကျင် တိမ်း‌ရှောင်‌နေရ

အာရှလမ်း တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ရင်းမှူး အပါအဝင် ၉ ဦး‌သေဆုံး၊ ‌ဒေသခံတစ်‌ထောင်ဝန်းကျင် တိမ်း‌ရှောင်‌နေရ

1842

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့နှင့် ‌ကော့ကရိတ်မြို့ကြား အာရှလမ်းမ‌ပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက်‌နေ့က ဖြစ်ပွားခဲ့‌သော ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLAနှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်း‌သေဆုံးပြီး တိုက်ပွဲဂယက် ‌ကြောင့် အနီးအနားရှိ ‌ဒေသခံတစ်‌ထောင်ဝန်းကျင်ခန့်လည်း တိမ်း‌ရှောင်‌နေရသည်ဟု သိရသည်။

ယမန်‌နေ့ အာရှလမ်းမ‌ပေါ်ရှိ ‌ကေအဲန်ယူ ‌မွေးမြူ‌ရေးဇုံအနီးနှင့် ကွမ်းခြံအ‌ကွေ့‌နေရာတို့တွင် ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်‌ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး အပါအဝင် (၉)ဦးထက်မနည်း ‌သေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု နယ်‌မြေခံ KNLA တပ်ဖွဲ့ထံမှ သိရသည်။

“မ‌နေ့က ကျ‌နော်တို့ဘက်က တပ်ရင်း ၂ ရင်း‌ပေါင်းပြီး သူတို့လမ်း‌ကြောင်းကို ကြားဖြတ်တိုက်တာ‌ပေါ့။ မ‌နေ့က တက်လာတဲ့ တပ်ရင်းတစ်ရင်းက ၄၅ ‌ယောက်ပါတာကို အ‌ယောက်၂ဝ ‌ကျော် ထိသွားတယ်။ ‌မွေးမြူ‌ရေးဇုံမှာ ထိတဲ့လူ‌တွေကို လာသယ်ဖို့ BGF‌တွေကို သူတို့လွှတ်တာ။ ဒီဘက်ကပစ်‌တော့ သူတို့ မလာရဲ‌တော့ဘူး။ ‌နေ့လည်မှာ ‌လေယာဉ်နဲ့ လာပတ်တာရှိတယ်။ ည‌နေ‌ရောက်မှ ၅ ‌ယောက်တစ်စီး ကားနဲ့သူတို့ လာသယ်တာ”ဟု KNLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ညပိုင်း‌ရောက်သည့်အချိန်တွင် ၎င်းတိုက်ပွဲအတွင်း ‌သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအား သယ်‌ဆောင်လာ‌သောကားကိုလည်း တတန်ကူးနှင့် ‌ကော့ကရိတ် ‌ချောင်း‌တောင်ကြားတွင် KNLAက ထပ်မံမိုင်းဆွဲ ကြားဖြတ်တိုက်ခိုက်‌သေး‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ်များက ‌ပြောသည်။

Photo: KNLA

အာရှလမ်းမ‌ပေါ် ဖြစ်ပွားသည့် တိုက်ပွဲတွင် နယ်‌မြေခံ KNLA တပ်ရင်း ၁၈၊ တပ်ရင်း ၂၇ ပူး‌ပေါင်း တပ်ဖွဲ့နှင့် စစ်‌ကောင်စီဘက်မှ တပ်မ(၂၂) လက်‌အောက်ခံ တပ်ရင်း (၂၁၀)တို့အကြား ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယ‌နေ့နံနက်တွင်လည်း အင်အား ၁၀ဝ ခန့်ပါ စစ်‌ကောင်စီကား ၂ စီးသည် တတန်ကူးရွာတွင် ထပ်မံ‌ရောက်ရှိလာကာ ယခင်ကဲ့သို့ အာရှလမ်းမအတိုင်းမသွား‌တော့ဘဲ မြို့ချင်းဆက် မီးကြိုး သွယ်တန်းထားသည့် ‌တောလမ်းအတိုင်း ထပ်မံတက်သွား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းတွင် ‌ကော့ကရိတ်မြို့ထဲတွင်ရှိသည့်စစ်‌ကောင်စီတပ်မှ ‌ကျေးရွာအတွင်း လက်နက်ကြီးနှင့် ဆက်တိုက်ပစ်‌နေသည့်အတွက် အာရှလမ်းမအနီးရှိ ‌ကော့နွဲ၊ အံက‌လော်နှင့် ရွာသစ်ကုန်း ‌ကျေးရွာ များတွင် ‌ဒေသခံတစ်‌ထောင်ခန့် တိမ်း‌ရှောင်‌နေရပြီး ယ‌နေ့အချိန်ထိ ‌နေအိမ်မပြန်ရဲကြ‌သေး‌ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ‌ကော်နှင့် ဖလူး‌ဒေသတွင်စစ်‌ကောင်စီတပ်မှ ‌လေ ‌ကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီး အလွန်အကျွံအသုံးပြုတိုက်ခိုက်မှုများ လုပ်‌ဆောင်‌နေသည့် အတွက် ‌ကော့ကရိတ်မြို့ ပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့(PDF)အ‌နေဖြင့်လည်း ခုခံတွန်းလှန်စစ် ဆင်နွှဲမည်ဖြစ်‌သော‌ကြောင့် အာရှလမ်းမကြီး‌ပေါ်တွင် သွားလာသူများ စစ်‌ရေးသတိနှင့် သွားလာကြ ရန်နှင့် ည(၆) နာရီ‌နောက်ပိုင်း သွားလာခြင်းမပြုရန် ထုတ်ပြန်ထားခြင်းလည်း ရှိသည်။