Home သတင်း အာရှလမ်း‌ပေါ်တွင် စစ်‌ကောင်စီတပ်က အရပ်သားကားအသုံးပြု၍ အင်အားတိုးချဲ့မှုလုပ်‌ဆောင်သဖြင့် ပြည်သူ လိုက်နာရမည့် စည်းကမ်းများကို KNU ညွှန်ကြား

အာရှလမ်း‌ပေါ်တွင် စစ်‌ကောင်စီတပ်က အရပ်သားကားအသုံးပြု၍ အင်အားတိုးချဲ့မှုလုပ်‌ဆောင်သဖြင့် ပြည်သူ လိုက်နာရမည့် စည်းကမ်းများကို KNU ညွှန်ကြား

1728

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇) နှင့် တပ်မဟာ (၆) နယ်ခြားဖြစ်သည့် ‌ကော့ကရိတ်-မြဝတီ သွားအာရှအ‌ဝေး‌ပြေးလမ်းတွင် စစ်‌ကောင်စီဘက်မှ အရပ်သားကားများကို အသုံးပြု၍ စစ်အင်အားတိုးချဲ့လှုပ်ရှား ‌နေသည့်အတွက် ပြည်သူများလိုက်ရမည့် စည်းကမ်းချက် ၄ ချက်ပါ အသိ‌ပေးညွှန်ကြားစာတစ်‌စောင်ကို KNU က ထုတ်ပြန်ညွှန်ကြားလိုက်သည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၂၇ ရက် ‌နေ့စွဲဖြင့် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒိုတာဒိုမူးလက်မှတ်ထိုးထားပြီး သက်ဆိုင်ရာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့များကို ‌ပေးပို့ညွှန်ကြားထားသည့်စာတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားကားများကိုအသုံးပြု၍ စစ်အင်အားဖြည့်တင်း လှုပ်ရှားလာ‌နေ သည့် အ‌ပေါ် ‌ဒေသခံပြည်သူများလိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်အသိ‌ပေးသွားရန်နှင့် ပြည်သူဘက်မှလည်း ပူး‌ပေါင်းပါဝင်သွားရန် အသိ‌ပေးထားသည်။

KNU ဗဟို‌ကော်မတီဝင် ပဒို‌စော‌တောနီးက “သူတို့(စစ်‌ကောင်စီ) ဘက်က အရပ်သားကား‌တွေသုံးပြီး တာလပတ် ‌တွေအုပ်ပြီးလာကြ‌တော့ အ‌ရှေ့မှာရှိတဲ့ ကျ‌နော်တို့ရဲ‌ဘော်‌တွေအတွက် လုပ်ရကိုင်ရတအားခက်တယ်။ အဲ့လို လုပ်ပြီးသွားတာ မြဝတီကို နှစ်ခါ‌လောက် ‌ရောက်သွားပြီး။ အဲ့‌တော့ အခုလိုအချိန်မျိုးမှာ ပြည်သူ‌တွေအ‌နေနဲ့ သွား လာတာ‌တွေ မလုပ်ရင်‌တော့ အ‌ကောင်းဆုံးပဲ။ သွားလာမယ်ဆိုလည်း ‌သေချာချင့်ချိန်စဉ်းစားပြီးမှ သွားဖို့‌တော့ ‌ပြောချင်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဗဟိုမှ သတိ‌ပေးညွှန်ကြားထားသည့် သွားလာ‌ရေးဆိုင်ရာစည်းမျဉ်း စည်းကမ်း ၄ ချက်တွင် အရပ်သား ကားများအ‌နေဖြင့် သွားလာခြင်းပြုလုပ်ပါက ကားတံခါးမှန်များကို ချထားရန်၊ KNLA တာဝန်ရှိသူများဘက်မှ တားမြစ်စစ်‌ဆေးပါက အစစ်‌ဆေးခံယူရန်၊ ကားများကို တာလပတ် အုပ်၍ သွားလာခြင်း မပြုရန် နှင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များအပြင် စစ်သုံးပစ္စည်း လက်နက်ခဲယမ်းများ သယ်‌ဆောင်‌ပေးခြင်းမပြုရန် စသည့် အချက်များ ပါဝင်သည်။

ထိုသို့ အသိ‌ပေးညွှန်ကြားချက်များကို ကားသမားများအ‌နေဖြင့် တိတိကျကျ လိုက်နားသွားရမည်ဖြစ်ပြီး လိုက်နာ ခြင်းမျိုးမရှိပါက ပြတ်ပြတ်သားသား အပြစ်‌ပေးအ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း သတိ‌ပေး‌ပြော ဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်‌နေ့မှစ၍ ‌လေ‌ကေ့‌ကော်မြို့အတွင်း စစ်‌ကောင်စီဘက်မှ လွှတ်‌တော်အမတ်များ အပြင် အရပ်သားပြည်သူများကို ဝင်‌ရောက်ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး နယ်‌မြေခံ KNLA တပ်ဖွဲ့များနှင့် ရင်ဆိုင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ ယ‌နေ့ အချိန်ထိ တိုက်ပွဲ‌နေ့စဉ်လိုလို ပြင်းထန်‌နေသလို စစ်‌ကောင်စီဘက်မှ ‌လေယာဉ် ဖြင့် ၄ ကြိမ်ထက်မနည်း လာ‌ရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၎င်းအပြင် လက်နက်ကြီးများဖြင့် ‌နေ့စဉ် ရက်ဆက် ပစ်ခတ်‌နေခြင်း‌ကြောင့် ‌ဒေသခံအရပ်သား‌ကျေးရွာ နှင့် ‌နေအိမ် များကို ထိမှန်ခြင်း‌ကြောင့် ‌ထောင်နှင့်ချီ‌သော အရပ်သားပြည်သူများ တဖက်ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေး တိမ်း‌ရှောင်‌နေကြရသလို စစ်‌ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ‌သော‌ကြောင့် စစ်အင်အား အလုံးအရင်း အသုံးပြု၍ ‌နေ့စဉ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။