Home သတင်း ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်း၊ မ‌ကွေးနှင့် ကရင်နီ‌ဒေသတွင်း စစ်‌ကောင်စီလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာအ‌ရေးယူရန် PPST ‌တောင်းဆို

ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်း၊ မ‌ကွေးနှင့် ကရင်နီ‌ဒေသတွင်း စစ်‌ကောင်စီလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာအ‌ရေးယူရန် PPST ‌တောင်းဆို

1784
Photo: NCA_S EAO

နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ် ။ ‌ကေအိုင်စီ

ချင်းပြည်နယ် ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မ‌ကွေးတိုင်းနှင့် ကရင်နီ‌ဒေသများတွင် စစ် ‌ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာ‌ရေးအ‌ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက် မှုအ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာ အ‌ရေးယူ‌ပေးရန် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (PPST)က ‌တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ (၄) ရက်မှ နိုဝင်ဘာလ (၅) ရက်‌နေ့အထိ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန် ‌ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့ အစည်းအ‌ဝေးအပြီး ထုတ်ပြန်‌ကြေညာချက်တွင် ထိုသို့ ‌တောင်းဆိုထားခြင်းဖြစ်သည်။

PPST အဖွဲ့ ‌ပြောခွင့်ရ ခွန်မြင့်ထွန်းက “စစ်‌ကောင်စီအ‌နေနဲ့ ဒီတိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူလူထု‌တွေ အ‌ပေါ်မှာ ရက်ရက်စက်စက် ဖိပြီးနှိပ်စက်‌နေတယ်။ ထန်တလန်လို ဖြစ်တဲ့ ကိစ္စရပ်‌တွေက စစ်ရာဇဝတ်မှု ကို ကျူးလွန်တာဖြစ်တယ်။ ထိုနည်းတူပဲ မ‌ကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့ ပြီး‌တော့ ကရင်နီ ‌ဒေသ ‌တွေမှာဖြစ်‌နေတဲ့ ပြည်သူလူထုကို ပြန်ပြီး‌တော့မှ သတ်ဖြတ်ပြီး‌တော့မှ ပြည်တွင်းစစ်ခင်းတဲ့ပုံစံ‌တွေက ဖြစ်‌နေတာဖြစ်ပါတယ်။ ဘယ်လိုပဲငြင်းဆိုသည်ဆို‌စေကာမူ ကျ‌နော်တို့အ‌နေနဲ့က‌တော့ ဒီဖြစ်ရပ်‌တွေ က‌တော့ ဖြစ်ခဲ့ပြီးပါပြီ။ အဲဒီအတွက် တာဝန်ရှိတဲ့သူ‌တွေကို‌တော့ အ‌ရေးယူ‌ဆောင်ရွက်ဖို့ ကျ‌နော်တို့ ‌ပြောတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ စစ်‌ကောင်စီအ‌နေဖြင့် တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထုကို ဆင်နွှဲ‌နေသည့် ပုံစံမှာ မိမိပြည်သူ လူထုကို ပြန်ပြီး စစ်ခင်း‌နေသည့်ပုံစံဖြစ်၍ ယခုလုပ်ရပ်သည် တိုင်းပြည်တွင် ပြည်တွင်း စစ် ပုံသဏ္ဍာန်အသစ်တစ်မျိုးဖြစ်လာခြင်းဖြစ်သည်ဟု ခွန်မြင့်ထွန်းက ဆက်‌ပြောသည်။

‌အောက်တိုဘာလ ၂၉ ရက်နှင့် ၃ဝရက်‌နေ့တွင် ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့ မီး‌လောင်ကျွမ်းမှုဖြစ် စဉ်တွင် လူ‌နေအိမ် ၁၆ဝ ‌ကျော်နှင့် ခရစ်ယာန်ဘုရားရှိခိုး‌ကျောင်း ၂ ‌ကျောင်းကို စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ‌ဒေသတွင်း သတင်းမီဒီယာများက ‌ဖော်ပြခဲ့သည်။

ထန်ထလန်မြို့ရှိ ဘာသာ‌ရေးအ‌ဆောက်အဦးများနှင့် လူ‌နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ လုပ်‌ဆောင်ခဲ့ခြင်းမဟုတ်ဘဲ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF)မှ လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်‌ကြောင်း စစ်‌ကောင်စီ‌ပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြန်လည်‌ပြောဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KNU-ကရင်အမျိုးသား အစည်း အရုံး၊ ကချင်လွတ်လပ်‌ရေးတပ်မ‌တော် (KIA)၊ ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်‌တော် (AA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ကလည်း ထန်တလန်နှင့်ပတ်သက်ပြီး စစ်‌ကောင်စီတပ်၏ လုပ်ရပ်ကို ရှုတ်ချ‌ကြောင်း၊ အဖိနှိပ်ခံချင်းပြည်သူညီအစ်ကိုများနှင့်အတူ ရပ်တည်‌ကြောင်း အသီးသီး သ‌ဘောထားထုတ်ပြန်သည်။

ထို့အတူ ထန်တလန်မြို့တွင် စစ်‌ကောင်စီတပ်များက လူ‌နေအိမ်များကို တိုက်ခိုက်မီးရှို့သည့် လုပ်ရပ်ကို အ‌မေရိကန် ပြည်‌ထောင်စုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်‌ကြောင်း အ‌မေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက ‌အောက်တိုဘာလ ၃၁ ရက်‌နေ့တွင် ထုတ်ပြန်‌ပြောဆိုခဲ့သလို မြန်မာနိုင်ငံရှိ ဒိန်းမတ် သံရုံးကလည်း မြန်မာစစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဒဏ်‌ကြောင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ‌နေအိမ်များနှင့် ဘုရား‌ကျောင်းများ မီးစွဲ‌လောင် ပျက်စီးခဲ့ရသည့်အတွက် များစွာ စိုးရိမ်တုန်လှုပ်မိပြီး ဘာသာ‌ရေး အ‌ဆောက်အအုံများအပါအဝင် အရပ်ဘက်ပစ်မှတ်များအား ဦးတည် တိုက်ခိုက်သည့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကန့်ကွက်‌ကြောင်လည်း နိုဝင်ဘာလ ၂ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

Video Conferencing ဖြင့် နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အပစ်ရပ် ၁ဝ ဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး ‌ဆောင်အဖွဲ့အစည်းအ‌ဝေးတွင် ပြည်တွင်း၊ ပြည်ပ Stakeholders များနှင့် ‌တွေ့ဆုံပြီး လက်ရှိ နိုင်ငံ‌ရေး အကျပ်အတည်း‌ဖြေရှင်း‌ရေးနှင့် ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ သ‌ဘောထားများ စုစည်းနိုင်ရန် PPST၏ ‌ဆွေး‌နွေးညှိနှိုင်း‌ရေး ‌ကော်မတီကို ဖွဲ့စည်းလိုက်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကုသမဂ္ဂမှ အသစ်‌ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်း ‌ဟေဇာ( Ms. Noeleen Heyzer) အား ကြိုဆိုပြီး တိုင်းပြည်တွင်း လက်ရှိကြုံ‌တွေ့‌နေရ‌သော အ‌ထွေ‌ထွေအကျပ်အတည်း‌ဖြေရှင်း‌ရေးကိစ္စနှင့် ပတ်သက်သည့် ၎င်း၏ လုပ်ငန်းများကို လက်တွဲလုပ် ‌ဆောင်သွားမည်ဟု PPSTက ‌ပြောသည်။

ပဋိပက္ခဖြစ်ပွားရာ ‌ဒေသအသီးသီးရှိ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် လုံခြုံ‌ရေးအပါအဝင် လူသားချင်းစာနာမှု အ‌ထောက်အကူများ အမြန်ဆုံးရရှိနိုင်‌ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်း‌ဆောင်ရွက်သွားမည်ဟုလည်း PPST ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိ နိုင်ငံ‌ရေးမတည်ငြိမ်မှုနှင့် ယ‌နေ့ လူထုရင်ဆိုင်‌နေရ‌သော အ‌ထွေ‌ထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံးပျက်စီး‌ရေးလမ်း‌ကြောင်း‌ပေါ်သို့ ‌ရောက်ရှိ‌နေပြီး ‌ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်း‌ခြောက်လာ‌နေ‌ကြောင်းလည်း PPSTက ‌ထောက်ပြ‌ပြောဆိုထားသည်။

PPST ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်‌မြောက်‌ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုး သားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(ငြိမ်းချမ်း‌ရေး‌ကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ သျှမ်းပြည်တပ်မ‌တော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ (၁၀) ဖွဲ့မှ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲများ ညှိနှိုင်း‌ဆွေး‌နွေးရန်အတွက် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။