အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မိချောင်းသိုက်နှင့် ချောင်းလှကျေးရွာအကြား ပြီးခဲ့သည့် အောင်တိုဘာလ ၂၂ နှင့် ၂၃ တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော် (Palaw Regional Defence Forces-PRDF) တို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံ ရွာသားများမှာ ယခုအချိန်ထိ မိမိနေအိမ်သို့ မပြန်ရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျေးရွာတွင်းရှိ စစ်ကောင်စီမှ ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်များထံမှ လက်နက်များကို ဒေသခံ PDF တပ်ဖွဲ့ ဝင်များက ဝင်ရောက်သိမ်းယူသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် လာခြင်းကြောင့် နှစ်ဖက်ထိတွေ့မှုများဖြစ်ပေါ်ခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
“မိချောင်းသိုက် ရွာက အယောက် ၅၀ဝ လောက်က ဘေးလွတ်တဲ့ နေရာကို တိမ်းရှောင် နေကြ တယ်။ ရွာထဲမှာ ကျန်ခဲ့တဲ့ ၄၀ဝ လောက်က ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ ချောင်းလှရွာကတော့ ၁၅ဝ လောက်ဘုန်းကြီး ကျောင်းမှာပဲ စုနေကြတယ်။ ရွာပြင်ဘက် ထွက်ပြေးတဲ့အရေအတွက်တော့ အတိအကျမသိရ သေးဘူး။ အကုန် လုံးက နေအိမ်ကို မပြန်ရဲသေးကြဘူး။ ဘာဖြစ်လဲဆိုတော့ စစ်တပ်က သူတို့ကို ဖမ်းဆီးနှိပ်စက်မှာဆိုးလို့။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိချောင်းသိုက်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ နီးပါးရှိပြီး ချောင်းလှ ကျေးရွာ တွင်မူ နေအိမ် ၄ဝ ကျော်ရှိကာ လက်ရှိတွင် ရွာပြင်ဘက် တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်သူတချို့ သည် မပြန်လာကြသေးဘဲ နေထိုင်စားသောက်မှုအတွက် အခက်အခဲရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ချောင်းလှကျေးရွာတွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်နေ့ ၂၃ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်ခန့်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး နယ်မြေကျော်ဝင် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ PRDFက လက်ဦးမှုရယူကာ မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်ရာ စစ်ကောင်စီဘက်မှ ၁၈ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
“သူတို့(စစ်တပ်)က သေနတ်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တက်လာတော့ သူများရဲ့ နယ်မြေကို ကျော်သွား တဲ့အခါမှာ အတိုက်ခံရတာ။ စစ်တပ်ဘက်က ၁၈ ယောက်လောက်တော့ သေတယ်။ မိုင်းနှစ်လုံးနဲ့အဆွဲခံရတာ။ ဒါပေမဲ့ ဘယ်နှစ်ယောက်လောက် ထိခိုက်လဲဆိုတာတော့ အသေအချာမသိကြဘူး။ ညဘက် သူတို့ ပြန်ခိုး သယ် သွားကြတော့ ဘယ်သူမှ အသေအချာမသိဘူး။ ဒါပေမဲ့ PDF ဘက်က နယ်မြေတက်ရှင်းတော့ အလောင်း ၁၈ လောင်းတော့ တွေ့တယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ဖြည့်စွက်ပြောသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ ဒေသခံ ကျေးရွာသားများကို အဆိုပါ PDF မှ သိမ်းယူသွားသည့် လက်နက်များကို ပြန်မရပါက ကျေးရွာအတွင်း မောင်းထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုရှိကြောင်းနှင့် ၎င်းတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများသောကြောင့် ခေတ္တတပ်ပြန်ဆုတ်သွားပြီး အခြေအနေ ဆက်လက်တင်းမာနေဆဲ ဖြစ်ကြောင်းဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ဒေသခံ PDF တပ်ဖွဲ့ဝင်များမှ မိချောင်းသိုက်ကျေးရွာအတွင်း ရှိ ပြည်သူ့ စစ်များနှင့် ဒေသခံကျေးရွာခေါင်းဆောင် ၁၂ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပြည်သူ့စစ်ထံတွင်ရှိသည့် သေနတ် ၆ လက်ကို သိမ်းယူခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရှိရသည်။



















