ကိုဗစ်ကူးစက်မှုအလွန် မိသားစုအတွင်း သတိပြုသင့်သည်များ
ဒေါက်ပိုင်ဟိန်
(အောက်တိုဘာ ၂၁၊ ၂၀၂၁)
မိမိတို့ လူသတ္တဝါများသည် သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်ရင်းအောက် တောမမှီနိုင်သေးသ၍ တစ်ဦးတယောက်တည်းနေ တတ်ကြသူများ မဟုတ်။ မိသားစုလူမှု အသိုင်းအဝိုင်းဖြင့် စုပေါင်းနေထိုင်တတ်သူများ ဖြစ်သည်။ ထို့အတွက် အခက်အ ခဲ တစ်စုံတစ်ရာကြုံတွေ့ခဲ့လျင် မိသားစုအတွင်းသော်လည်းကောင်း၊ မိတ်ဆွေ၊သူငယ်ချင်းများအကြား တိုင်ပင်လေ့ရှိသ လို တဦးကိုတစ်ဦး ဖေးမကူညီစောင့်ရှောက်ခြင်းမှာ အလွန် အရေးကြီးလှပေသည်။
လက်ရှိ ကြုံတွေ့နေရသည့် ကိုဗစ်ကမာ္ဘ့ကပ်ရောဂါကို မိမိတို့ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနေရသလို ရောဂါကူး စက်ခံရသူများကိုလည်း မိသားစုအတွင်းတွင်သော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်းများအကြားတွင်သော် လည်းကောင်း၊ တစ်ဦးကိုတစ်ဦး အားပေးရင်း၊ ဖေးမကူညီ စောင့်ရှောက်ပေးခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် အားဆေးသဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန် ခံစားလိုက်ရသည်ဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်လများအတွင်း တတိယလှိုင်းဒဏ် အပြင်းထန်ဆုံးဖြစ်ကာ မိသားစုဝင်တဦးဦး ကိုဗစ်ကူးစက်ခံရခြင်းများ ရှိသ လို၊ မိသားစုအလိုက် ဖျားနာခြင်းနှင့် ကိုဗစ်ကူးစက်ခံရခြင်းများကိုလည်း ကြုံတွေ့ခဲ့ရပြီး အချို့မိတ်ဆွေများမှာ ကိုဗစ် ကြောင့် ကွယ်လွန်သွားသည်များကိုလည်း ကြုံတွေ့ခဲ့ရသေးသည်။
မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီ၌ ကိုဗစ်ကူးစက်မှုနှုန်း အတန်အသင့် လျော့ပါးသွားပြီးဖြစ်သလို ကျန်းမာရေးဝန် ကြီးဌာန၏ အောက်တိုဘာ ၁၆ရက်နေ့ တရားဝင် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝှမ်းတွင် ကူးစက်ခံရသူ ၁၂၀၅ဦးရှိကာ ကူးစက်ခံရမှုနှုန်းမှာ ၆.၈ရာခိုင်နှုန်းအထိ ရှိနေသေးသည်ဟု ဆိုသည်။
ထို့ကြောင့် လူတိုင်း ပေါ့ဆ၍ မရသေးသလို တစ်ဖက်တွင်လည်း ကိုဗစ်ကို ကျော်လွှားနိုင်ခဲ့သူများအနေဖြင့် ကိုဗစ်၏ နောက်ဆက်တွဲဆိုးကျိုးများ မပြင်းထန်စေရေးအတွက် မိသားစုအတွင်း၌သော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအ သင်းများအကြား၌သော်လည်းကောင်း တဦးကိုတစ်ဦး ဖေးမကူညီ အသိပေးနိုင်ရေးအတွက် အခြေခံအချက်အချို့ကို စုစည်းမျှဝေပေးလိုပါသည်။
အကယ်၍ မိသားစုအတွင်း သို့မဟုတ် မိတ်ဆွေများအကြား ကိုဗစ်ကူးစက်ခံရပြီးဆိုလျှင် ထိုသူကို ကနဦး တစ်ဦးတည်း သီးသန့်ခွဲထားရန်လိုသည်။ ထိုသို့ ခွဲထားလျင် လိုက်နာသင့်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို အများစု သိရှိပြီးဖြစ်၍ အကျယ်ချဲ့မပြောလို။ ဆေးပညာရှင်များ၏ အဆိုအရ ကူးစက်ခံရပြီး ၁ဝရက်ကျော်လျှင် ကိုရိုနာဗိုင်းရပ်စ် သည် ထပ်မံ ကူးစက်ရန် မစွမ်းသာတော့ပေ။
ထို့နောက် ရောဂါသက်သာကာ ပြန်နလန်ထူလာသော်လည်း ကိုဗစ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ အနည်းနှင့် အများဆိုသလို ထိခိုက်နိုင်သည့်အတွက် ကျန်းမာရေး ပုံမှန်ပြန်ကောင်းလာစေရန် သတိပြုကာ လေ့ကျင့်နေထိုင်တတ် ရန် လိုသည်။ ထိုအချက်ကို အများစုက ပေါ့လျော့ သတိမမူ ဆက်လက် မလိုက်နာမှုများ ဖြစ်လေ့ရှိသည်။
သေချာသည်မှာ မည်သည့်ဗိုင်းရပ်စ်မဆို လူ့ခန္ဓာကိုယ်တွင်းမှ ကိုယ်ခံအားဖြင့်သာ တန်ပြန်ခုခံရသည်ဖြစ်၍ ရောဂါသက် သာလာသူများအနေဖြင့် ကိုယ်ခံအားကောင်းရန်လိုသည်။ ထို့အတွက် မိသားစုအတွင်းတွင် အာဟာရပြည့်ဝစွာရရှိရန် ဗီတာမင်ပြည့်ဝသည့် သစ်သီး၊ ဟင်းရွက်များ စားသုံးရမည်ဖြစ်သလို ပရိုတိန်းဓာတ် ပါဝင်သည့် ဥနှင့် အသားများကို စားသောက်ရန်လိုသည်။ နလန်ထလူနာအနေဖြင့် ခံတွင်းပျက်၊ အနံ့ပျောက်ခြင်းများ ကြုံတွေ့ရလေ့ရှိသည့်အတွက် အစာမစားချင်ဖြစ်တတ်သော်လည်း မိသားစုဝင်များက ဖြောင်းဖျကျွေးမွေးရန်လိုသည်။
ကိုဗစ်ပိုး ကူးစက်ခံရသည့် မိတ်ဆွေအပေါင်းအသင်းများနှင့် စကားစမြည် ပြောဆိုကြည့်သည့်အခါ အများစုသည် အိပ်မ ပျော်ဖြစ်နေတတ်သည်။ သာမန်လူတစ်ဦးအနေဖြင့် အိပ်ရေးဝစေရန်အတွက် တစ်ရက်လျှင် အနည်းဆုံး ၇နာရီမှ ၈နာရီ အထိ အိပ်စက်ချိန်ရယူသင့်သည်ဟု ဆေးပညာရှင်များက ဆိုသည်။ ထိုသို့အိပ်စက်မှသာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ပြန် လည်တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် အိပ်ရေးဝရန်လည်း လိုအပ်သည်။
အိပ်ပျော်နိုင်ရေးအတွက် စိတ်ဖိစီးမှုလျော့ချခြင်း၊ အင်တာနက်သုံးစွဲမှု လျော့ချခြင်း၊ စိတ်တည်ငြိမ်စေရန် အိပ်ရာဝင်ခါ နီး တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းများကို ပြုလုပ်သင့်သည်။ သို့သော် နေ့ရက် ဆက်တိုက် အိပ်မပျော်ဖြစ်နေပြီဆိုပါက နီးစပ်ရာ ဆရာဝန်နှင့် သွားရောက်ပြသ ကုသရန်လိုသည်။ မိမိသဘောဖြင့် အိပ်ဆေးများသုံးစွဲခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြည်ရမည်ဖြစ်သည်။ ကိုဗစ်ကူးစက်ခံရသူသည် အနည်းနှင့် အများဆို သလို စိတ်ဖိစီးမှုရှိသဖြင့် အရေးကြီးသည်မှာ စိတ်ဖိစီးမှုလျော့နည်းစေရန် မိသားစု၊ မိတ်ဆွေများက အားပေးစကား ပြောပေးသင့်သည်။
ထို့အပြင် ကိုဗစ်ကူးစက်ခံရသူတစ်ဦးဦးသည် ဆေးရုံမှဆင်းပြီးသော်လည်းကောင်း၊ အဖျားပျောက် နလန်ထူလာလျှင် မိမိကိုယ်ကို လူကောင်းတစ်ဦးကဲ့သို့ အလွယ်မမှတ်ယူရန် လိုသည်။ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ထိခိုက်မှု ရှိနေနိုင်သေးသည့်အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုများ မပြုလုပ်သင့်ပေ။ မည်သည့်အရာမဆို စိတ်အလောတကြီး မလုပ်မိရန်လိုသည်။ တဖြည်းဖြည်း အားပြန်မွေးကာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးလမ်းညွှန် ချက်အတိုင်း လုံးဝ ကျန်းမာလာသည်အထိ အချိန်ယူကာ စောင့်ကြည့်ရမည်ဖြစ်သည်။ ထို့ကြောင့် မိသားစုဝင်များနှင့် မိတ်ဆွေများက သတိပေးရမည်ဖြစ်သည်။
ကိုဗစ် နလန်ထခါစ လူနာများအနေဖြင့်လည်း မိမိကိုယ်တိုင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်အကျိုးဆက်များ ခံစားရမှု ရှိမရှိကို သတိပြုနေရမည်ဖြစ်သည်။ ဥပမာ အသက်ရှူမဝခြင်း၊ နှလုံးအောင့်ခြင်း စသည့်လက္ခဏာများ ခံစားနေရပြီးဆို ပါက မိသားစုနှင့်တိုင်ပင်ကာ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသပြီး ဆရာဝန်လမ်းညွှန်ချက်အတိုင်း လိုက်နာနေထိုင်ရမည်ဖြစ်သည်။
အကယ်၍ မိသားစုထဲတွင် အသက်ကြီးရွယ်အိုများ၊ ကိုဗစ် ကူးစက်ခံရပြီးဆိုလျင် တစ်ဦးတည်း သီးသန့် ပစ်ပယ်ထား ခြင်းမျိုး မပြုလုပ်ရန်လိုသည်။ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မိသားစုဝင်တစ်ဦးဦးက အနီးကပ် ပြုစုရမည်ဖြစ်သည်။ နေပြန်ကောင်းလာပြီး ဆိုပါကလည်း တစ်ဦးတည်း မထားသင့်ဘဲ ရောဂါနောက်ဆက်တွဲများခံစား ရခြင်းရှိမရှိနှင့် ပြန်ကျန်းမာလာအောင် အနီးကပ်ပြုစုရမည်ဖြစ်သည်။ နောက်ဆက်တွဲ ရောဂါလက္ခဏာများ ခံစားရပါ ကလည်း မိသားစုဝင်များအနေဖြင့် ဆရာဝန်နှင့် အချိန်မှီ သွားရောက်ပြသရန်လိုသည်။
လူတိုင်းမှာ မည်သည့်အခက်အခဲ၊ မည်သည့်ရောဂါမဆို ရင်ဆိုင်နိုင်ရေးမှာ စိတ်ခွန်အားသည်သာ အဓိက ဖြစ်သည်။ ထို့အတွက် ကိုဗစ်ကူးစက်ခံရသူ၊ ပြန်နေကောင်းလာသူများကို မိသားစုအတွင်း၌သော်လည်းကောင်း၊ မိတ်ဆွေအသိုင်း အဝိုင်းများကြား၌သော်လည်းကောင်း ယခုလို ခက်ခဲနေချိန်တွင် စိတ်အား၊ ဉာဏအား ဖေးမကူညီရန်လိုသည်။ အရေး ကြီးသည်မှာ ခွဲခြားဆက်ဆံခြင်းမျိုး၊ ပြစ်တင်ပြောဆိုမှုမျိုး မပြုလုပ်မိရန် သတိထားသင့်သည်။
ရောဂါပြန်သက်သာလာသူအနေဖြင့်လည်း ပင်ပင်ပမ်းပမ်း မဟုတ်သည့် မိသားစုအိမ်မှုကိစ္စလေးများကို ဝိုင်းကူပေးခြင်း များပြုလုပ်ပြီး ကြွက်သားများ ပြန်သန်မာလာအောင် လေ့ကျင့်သင့်သလို ပို၍ ကျန်းမာလာပါက မိမိလုပ်ငန်းခွင်သို့ ပြန် ဝင်ရောက်ပြီး လုပ်ငန်းခွင်အတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလုပ်လုပ်ခြင်းအား ဖြင့် စိတ်ဖိစီးမှုအပိုင်းကို လျော့ချနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ပြောလိုသည်မှာ တစ်ကမာ္ဘလုံး ကပ်ရောဂါကာလဖြစ်နေသေးသည့်အတွက် လူတိုင်းသည် တစ်ဦးတစ် ယောက်တည်း ရှင်သန်နေသူများ မဟုတ်သလို မိသားစု၊ လူမှုအသိုင်းအဝိုင်းဖြင့် အသက်ရှင် နေထိုင်ကြသူများဖြစ်ပေ ရာ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း၊ မိတ်ဆွေတစ်ဦးဦးသော်လည်းကောင်း ကိုဗစ်လွန်မြောက်ပြီးနောက် မိမိ တို့တဦးနှင့်တစ်ဦး ပညာပေးခြင်း၊ အားပေးကူညီဖေးမခြင်း၊ စာနာနားလည်ပေးခြင်းအားဖြင့် “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဟူသောစကားအတိုင်း စိတ်ရော ကိုယ်ပါ ကျန်းမာသန်စွမ်းသည့် ဘဝများကို ပိုင်ဆိုင်နိုင်ကြစေရန် ဆန္ဒပြု တိုက်တွန်းလိုပါသည်။



















