Home သတင်း မြဝတီခရိုင်‌ထွေအုပ်ရုံးထဲဝင်‌ရောက်ပြီး အုတ်ခဲဖြင့်ပစ်‌ပေါက်ခဲ့သူအား လုံခြုံ‌ရေးရဲမှ ပစ်ခတ်ဖမ်းဆီး၍ အမှုဖွင့်ထား

မြဝတီခရိုင်‌ထွေအုပ်ရုံးထဲဝင်‌ရောက်ပြီး အုတ်ခဲဖြင့်ပစ်‌ပေါက်ခဲ့သူအား လုံခြုံ‌ရေးရဲမှ ပစ်ခတ်ဖမ်းဆီး၍ အမှုဖွင့်ထား

1825

ဩဂုတ် ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်‌နောင်လမ်းမကြီးရှိ ခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးရုံးသို့ ဝင်‌ရောက်ပြီး အုတ်ခဲဖြင့် ပစ်‌ပေါက်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးအား လုံခြုံ‌ရေးရဲမှ ပစ်ခတ်ဖမ်းဆီးပြီး‌နောက် မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထား‌ကြောင်း သိရသည်။

ယ‌နေ့ ဩဂုတ်လ ၁၇ ရက် ‌နေ့လည် ၁၂ နာရီ‌ကျော်ခန့်က မြဝတီခရိုင်‌ထွေ အုပ်ရုံးသို့ဆိုင်ကယ်စီးပြီး ဝင်လာသည့် လူငယ်တစ်ဦးက ရုံး၏အ‌ဆောက် အဦးအတွင်း ဝင်‌ရောက်ပြီးအုတ်ခဲဖြင့် ပစ်‌ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အုတ်ခဲဖြင့်ပစ်‌ပေါက်မှု‌ကြောင့် လူတစ်စုံတစ်ဦးမျှ ထိခိုက်မှုမရှိ‌သော်လည်း လူငယ်အား လုံခြုံ‌ရေး ရဲ မှ ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အုတ်ခဲဖြင့် ပစ်‌ပေါက်ခဲ့သူမှာ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်‌နေ ‌မောင်‌ကျော်ရဲဦး အသက် (၂၃)နှစ် ဆိုသူဖြစ်ပြီး မည်သည့်အတွက်‌ကြောင့် ထိုသို့ အုတ်ခဲဖြင့် ပစ်ခတ်ရသည်ကို စစ်‌ဆေး‌နေဆဲဖြစ်ပြီး လက်ရှိတွင် ၎င်းအား မြဝတီမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ အမှုဖွင့် အ‌ရေးယူသွားမည် ဟု မြို့မရဲစခန်းမှ သိရသည်။

လက်ရှိ မြဝတီမြို့တွင် ကိုဗစ်ကာလ ကန့်သတ်ချက်များ‌ကြောင့် လူထုများအလွန် ဒုက္ခ‌ရောက်‌နေကြသည့်အ‌ပေါ် စိတ်ခံစားမှုများပြီး ခရိုင်‌ထွေအုပ်၏ စီမံခန့်ခွဲမှုကို မ‌ကျေနပ်၍ ‌ပေါက်ကွဲမှုလည်း ဖြစ်နိုင်သည်ဟု မြို့ခံတစ်ချို့က သုံးသပ်မှုများရှိ‌နေသည်။