ဩဂုတ် ၁၇ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် နေထိုင်သူ အသက် (၁၉) နှစ်အရွယ်လူငယ်တစ်ဦးသည် စခန်းအတွင်းရှိ နေအိမ်မှ ပျောက်ဆုံး သွားပြီးနောက် စခန်း၏ ၅ ကီလိုမီတာ အကွာအဝေးရှိ မြောင်ကျေးရွာတစ်ရွာတွင် ပစ္စည်းခိုးယူသည်ဟု ဆိုကာ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု စခန်းတာဝန်ရှိ သူများထံမှ သိရသည်။
ဖြစ်စဉ်အရ အသက်(၁၉) နှစ်အရွယ် စနေအေးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က စခန်းတွင်းရှိ နေအိမ်တွင် ပျောက်ဆုံးသွားပြီးနောက် စခန်းမှ ၅ ကီလိုမီတာ ဝေးသည့် မြောင်ရွာကြီးကျေးရွာတွင် အိမ်ရှင်တစ်ဦး၏ ပစ္စည်းကို ခိုးယူခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျေးရွာ ဥက္ကဌမှ ကနဦး ဖုန်းဆက်ပြော ဆိုပြီးနောက် တာဝန်ရှိသူများက သွားရောက်ခေါ်ယူရန် စီစဉ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီး ဖြစ်ကြောင်း ထပ်မံ အကြောင်းကြားလာသည်ဟု စခန်း၏အတွင်းရေးမှူး စောဆာထုက ဖြစ်စဉ် အသေးစိတ်ကို ယခုလိုပြောသည်။
“အဲ့ကလေးက အရင်က ဆေးတွေ၊ ဘာတွေ သုံးတတ်တော့ ဦးနှောက်က သိပ်ပြီးတော့ အလုပ်မလုပ်ဘူး။ ဖြစ်သွားတာက မနေ့က ၁၁နာရီ ကျော်လောက်မှာဖြစ်သွားတာ။ ၁ဝ နာရီ ကျော်လောက်မှာ ရွာသူကြီးက ကျနော်တို့ စခန်းတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ ခင်ဗျားတို့ စခန်းက ကလေးတစ်ယောက်က သူများပစ္စည်းခိုးလို့ သူများ ဖမ်းထားတယ်သွားကြည့်ပါအုံးပေါ့။ ဒီကလည်း သွားကြည့်ဖို့ လုပ်နေတုန်း ဖုန်းပြန်ဆက်လာပြီး အဲ့ကလေးက ထပြီး ဓါးသွားယူပြီး ပြန်လုပ်ဖို့ လုပ်တဲ့အတွက် သူများ ပစ်သတ်လိုက်ပြီး ဆိုပြီး ပြန်ပြောတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ လူငယ်ကို ၉ မမ ပစ္စတို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ပစ်သတ်ခံရစဉ်တွင် ဝမ်းဗိုက်တွင် နှစ်ချက်၊ လက်တွင် တစ်ချက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သော်လည်း ၎င်းအခင်းဖြစ်ပွားရာ နေရာတွင် ကျည်ခွံ ၄ခု တွေ့ရှိကြောင်း နှင့် အဆိုပါ သေနတ်မှာလည်း လိုင်စင်ရှိကြောင်း စောဆာထုက ဆက်ပြောသည်။
၎င်းလူငယ် သေဆုံးမှုအတွက် မိသားစုများမှ ရုပ်အလောင်းပြန်လည် ရရှိရေး နှင့် ပစ်ခတ်သူကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရေး မိသားစုက လိုလားပြီး ၎င်းအတွက် ဥပဒေအထောက်အကူပြုဌာန(LAC) ကို အကူအညီတောင်းထားကာ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ကရင်ဒုက္ခသည် ကော်မတီ(KRC)အပါအဝင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး -UNHCR မှတာဝန်ရှိသူများ၊ The Border Consortium(TBC)စသည့် အဖွဲ့အစည်းများကိုပါ အသိပေး အကြောင်းကြားထားကြောင်းလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။
အဆိုပါ ပစ်သတ်ခံခဲ့ရသူ လူငယ်တွင် ညီအစ်ကို ၅ ဦးရှိပြီး ၎င်းမိခင်နှင့်အတူနေထိုင်ကာ ဖခင်မှာ လွန်ခဲ့သည့် ၃ လခန့်က ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။ စခန်းအတွင်း နေထိုင်စဉ်တွင် ထိုသို့ ပစ္စည်း ခိုးယူခြင်းမျိုး ပြုလုပ်ဖူးသူ မဟုတ်ကြောင်း နှင့် ယခုဖြစ်စဉ်တွင် ပစ္စည်းခိုးယူခြင်းနှင့် တိုက်ခိုက်ရန် ပြုလုပ်ခြင်းမှာ တစ်ဖက်လူ၏ ပြောဆို ချက်များသာဖြစ်ကြောင်းလည်း စခန်းအတွင်းရေးမှူး စောဆာထုက ဖြည့်စွက်ပြောသည်။
ထို့အပြင် အဆိုပါ လူငယ်သည် နေအိမ်မှ ပျောက်ဆုံးသွားသည်မှာ အချိန်(ရက်)ကြာမြင့်လာပြီးဖြစ်၍ ဆာလောင်ခြင်း ကြောင့် ယခုလို ခိုးစားရခြင်းဖြစ်နိုင်ကြောင်းနှင့် ပစ္စည်းခိုးယူသည်ဟု အိမ်ရှင်များမှ စွပ်စွဲပြောဆိုရာတွင်လည်း ၎င်းလူငယ်လေးသည် ထမင်းဝင်ခိုးစားသည့်အပြင် အဝတ်အစား နှင့် ငွေကြေးကိုပါ ခိုးယူခဲ့ကြောင်း ထိုသို့ ခိုးယူခဲ့သည်များကို သွားရောက် ပြသခိုင်းရာမှ ဓားယူပြီး တိုက်ခိုက်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင် ဘက်က စွပ်စွဲပြောဆိုထားသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
လတ်တလောတွင် အဆိုပါ ကိစ္စ နှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားမှုကို သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများနှင့် နယ်မြေခံ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ရာတွင် သက်ဆိုင်ရာရဲများက ရာဇဝတ်မှုဟု ယူဆသောကြောင့် မှုခင်းရဲတာဝန်ရှိသူများကိုပါ ထပ်မံခေါ်ယူခဲ့စစ်ဆေးခဲ့ပြီးနောက် ရုပ်အလောင်းကို ဖုတ်ဖရမြို့ဆေးရုံသို့ သယ်ယူသွားကြောင်းလည်း စခန်း တာဝန်ရှိ သူများက ဆိုသည်။
အုန်းဖျန် ဒုက္ခသည်စခန်းတွင်း နေထိုင်သူ ဒုက္ခသည်အများစုသည် စခန်းတွင်း အလုပ်အကိုင် မရှိခြင်းကြောင့် စခန်းပြင်ထွက်၍ အဆိုပါမြောင်ရွာကြီးသို့ နေ့စား အလုပ် သွားရောက် လုပ်ကိုင်လေ့ရှိကြကြောင်း သိရသည်။



















