Home သတင်း မြိုင်ကြီးငူအထူး‌ဒေသတွင် သံဃာ‌တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

မြိုင်ကြီးငူအထူး‌ဒေသတွင် သံဃာ‌တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

4166
photo- Đâñ FB

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ကူးစက်ပြန့်ပွားမှု မြှင့်တက်‌နေစဉ်ကာလအတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူအထူး‌ဒေသတွင် သံဃာ ‌တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲတစ်ခုကို မြိုင်ကြီးငူ‌ကျောက်စာကွင်း၌ ယ‌နေ့(ဇူလိုင် ၂၆)ရက်‌နေ့ တွင် ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံများထံမှ သိရှိရသည်။

လက်ရှိမြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တဉာဏိကနှင့် ‌ဒေသခံရွာလူကြီးများ၏ ဦး‌ဆောင်မှုဖြင့် ယခင် မြိုင်ကြီးငူ ဆရာ‌တော် ဘဒ္ဒန္တသုဇန၏ (၇၃) နှစ်ပြည့် ဝိဇာတ‌မွေး‌နေ့ မဂင်္လာကို ရည်စူး၍ ပြုလုပ်ခြင်းဖြစ်‌ကြောင်း အမည် မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက ” ဒီမနက်ပဲ လုပ်တာ။ ‌ကျောက်စာကွင်းမှာပဲ။ အ‌ဝေးက‌နေလာတဲ့သူ‌တွေ‌တော့ မရှိဘူး။ ဘာလို့ဆို အဝင် လမ်းကို ပိတ်ထားတာ။ ဒီထဲက လူ‌တွေပဲ သွားကြတာများတယ်။ ဆရာ‌တော်ဘုရားရဲ့ နှစ်ပတ်လည် ဆို‌ပေမဲ့ ပွဲ‌သေး‌သေးလုပ်ရင် ရတာပဲ။ ခုက အများကြီး လူကြီး‌တွေက ‌ပြောမရဘူး။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ဆွမ်းကပ်လှူဒါန်းပွဲကို ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားမည်ဟု ‌ကြေညာထားမှုရှိပြီး ၎င်းဆွမ်းကပ်လှူဒါန်းပွဲသို့ ‌ဒေသခံရာနှင့်ချီ၍ တက်‌ရောက်ခဲ့ကြသလို အချို့‌ဒေသခံများက ယခုလို လူစုလူ‌ဝေး ပြုလုပ်ခြင်းကို လိုလားခြင်းမရှိ‌ကြောင်း သိရှိရသည်။

လက်ရှိ မြိုင်ကြီးငူအထူး‌ဒေသတွင် ကိုဗစ်‌ရောဂါကူးစက်ခံရသူ ၁ဝ ဦးခန့်ရှိပြီး ‌ဆေးရုံရှိ ဆရာမများလည်း home quarantine အကုန်ဝင်ရ‌ကြောင်း အဆိုပါ ‌ဒေသခံ တစ်ဦးက ဆက်‌ပြောသည်။

လတ်တ‌လော ကိုဗစ်‌ရောဂါကူးစက်မှုနှုန်း မြှင့်တက်လာသည့်အတွက် မြဝတီ၊ ‌ကော့ကရိတ်နှင့် ဖားအံမြို့တွင် ‌နေအိမ်ထွက်ခွာခွင့် လက်မှတ်၊ ကဒ်ဖြင့် အိမ်အပြင်ထွက်ခွာရခြင်းရှိ‌သော်လည်း ‌ကျေးရွာများတွင် ထိုသို့ သက်‌ရောက်မှုမရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ‌နောက်ဆုံးအပတ်မှစ၍ စစ်‌ကောင်စီ၏ ကိုဗစ်ကူးစက်ခံရမှု ‌နေ့စဉ်ထုတ်ပြန်ချက်အရ ကရင်ပြည် နယ်တွင် ကိုဗစ်‌ရောဂါကူးစက်ခံရသူမှာ ၂၀၀ဝ နီးပါးနှင့် ‌သေဆုံးသူမှာ ၇၂ ဦးဖြစ်‌သော်လည်း ‌မြေပြင်အ‌ခြေအ‌နေ တွင် ကိုဗစ်ကူးစက်ခံရသူမှာ ၎င်းအ‌ရေအတွက်ထက် ပိုများနိုင်သည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရှိရ သည်။

အဆိုပါ ကိုဗစ်ကူးစက်ခံရသူများအနက် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ကူးစက်ခံသူအများဆုံးနှင့် ‌သေဆုံးသူအများဆုံးဖြစ်‌ကြောင်း သိရှိရသည်။