ကော်သူးလေနေ့ (Kaw Thoo Lei Day)
ဇွန်လ ၁၄ရက်နေ့
တိုင်းပြည်တစ်ပြည် ထူထောင်ရာတွင် နိုင်ငံတကာကျင့်ထုံးအရ ကမာ္ဘသို့ ပထမဦးဆုံးကြေညာပြီး ကမာ္ဘပေါ်ရှိတိုင်းပြည် များမှလေ့လာပြီး အသိအမှတ်ပြုကြရန် လိုအပ်လေသည်။ ကရင်လက်နက်ကိုင် တော်လှန်ရေးအစတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း ခေါင်းဆောင်များအားလုံးလိုလို အင်းစိန်မြို့တွင် ရန်သူ၏ ဝိုင်းထားမှုကိုခံရ၍ လွတ် လပ်ရေးကို ကြေညာရန် အခြေအနေ မပေးအပ်ခဲ့ချေ။
အင်းစိန်မှ ဆုတ်ခွာရပြီး ဗဟိုကို တောင်ငူမြို့သို့ ပြောင်းရွှေ့ရာ ၁၉၄၉ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့တွင် တောင်ငူမြို့၌ အစည်းအဝေးကြီးတစ်ရပ် ခေါ်ယူကျင်းပပြီး ကော်သူးလေအစိုးရအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့လေသည်။
(၁) စောဘဦးကြီး (ဝန်ကြီးချုပ်)
(၂) ဦးလှဖေ (နိုင်ငံခြားရေး)
(၃) စောဖိုးမောင် (ပြည်ထဲရေး)
(၄) စောရွှေလေး (ကာကွယ်ရေး)
(၅) စောတူရဦး (ဘဏ္ဍာရေး)
(၆) စောဘထွန်း (ပညာရေး)
(၇) စောဂျွန်ဆင်ဒီဖိုးမင်း (လမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေး)
(၈) မန်းစိန်တင် (သစ်တောနှင့် လယ်ယာ)
ထိုနေ့ ညနေချိန်တွင် ကော်သူးလေ အသံလွှင့်ဌာနမှ ကော်သူးလေ ကရင်ပြည်ကို ထူထောင်ခြင်း၊ ကော်သူးလေအစိုးရ ကို ဖွဲ့စည်းလိုက်ကြောင်း ကမာ္ဘသို့ ကြေညာလေသည်။ အခြားတိုင်းနိုင်ငံများဖြစ်သော အိန္ဒိယ(All India Radio)၊ ပါကစ္စတန်(Radio Pakistan)၊ ဗြိတိန်(BBC)၊ အမေရိကန်(BOA)၊ ဩစတြေးလျ အသံလွှင့်ဌာနများမှလည်း ကော်သူး လေ အသံလွှင့်ဌာနမှ လွှင့်လိုက်သော ကော်သူးလေ ကရင်ပြည် ထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရ ဖွဲ့စည်းထူ ထောင်ခြင်းများကို တစ်ဆင့် အသံလွှင့်လေသည်။ ထို့အပြင် အခြားနိုင်ငံများမှ သတင်းစာအချို့သည် စာလုံးကြီးများ နှင့် ထိုသတင်းများကို ရေးသားကြေညာလေသည်။
ကော်သူးလေ ကရင်ပြည်ထူထောင်ကြောင်း ကြေညာပြီးသည့်နောက် ပါကစ္စတန်နှင့် ဩစတြေးလျနိုင်ငံများမှ ကော်သူး လေ ကရင်ပြည်သို့လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့သေးသည်။ ရန်သူမှ ပြန်လည်ထိုးစစ်ဆင်၍ မိမိတို့အနေနှင့်နယ်မြေ များစွန့်လွှတ်ရခြင်းနှင့် မိမိတို့၏ နိုင်ငံရေးအားနည်းချက်၊ စည်းကမ်းလျော့ရဲမှု စသည်များကြောင့် ယနေ့ထိ မည်သည့် နိုင်ငံများမှ ကော်သူးလေကို တရားဝင် အသိအမှတ်မပြုဘဲ ရှိနေသေးသည်။ ထိုကော်သူးလေ ကရင်ပြည်ကို ထူထောင် ကြောင်းနှင့် ကော်သူးလေအစိုးရကို ဖွဲ့စည်းထူထောင်ကြောင်း ကမာ္ဘကို ကြေညာလိုက်သည့် ဇွန်လ (၁၄)ရက်နေ့ကို ကော်သူးလေနေ့ဟု သတ်မှတ်ခြင်းဖြစ်သည်။
# ကရင်တော်လှန်ရေး နေ့ကြီးရက်ကြီး သမိုင်းအကျဉ်းစာအုပ်မှ ကူးယူဖော်ပြသည်။
ကရင်ပြည်နယ်၏ သတ်မှတ်ချက်မြေပုံသည် ကော်သူလေးမြေပုံနှင့် မသက်ဆိုင်ပေ။ ကော်သူးလေ၏ သတ်မှတ်ချက်သည် တနသင်္ာရီတိုင်း၊ ဧရာဝတီတိုင်း၊ တောင်ငူခရိုင်၊ အင်းစိန်ခရိုင်၊ ဟံသာဝတီခရိုင်၊ ညောင်လေးပင်ခရိုင်ခွဲနှင့် သံလွင်ခရိုင်တို့ ပါဝင်ပါသည်။ (Paul Kenan, 2008. Pg-8)



















