
မေလ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်၊ အရာရှိလေး ဦးနှင့် အင်အားနှစ်ထောင်ကျော် KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် ပြန်ပူးပေါင်းသွားသည့် သတင်းထွက်ရှိမှုမှာ သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်မှူးကြီး စောဆန်းအောင်သည် ယခင်က ခွဲထွက် DKBA အနေဖြင့် စစ်တပ် နှင့် လပေါင်းများစွာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂ဝခုနှစ် မတ်လ ၁၂ရက်နေ့တွင် ၎င်း အပါအဝင် တပ်ဖွဲ့ဝင် (၁၃) ဦးဖြင့် စစ်တပ်ထံသို့ လက်နက်ချ အလင်းဝင်သွားခဲ့ပြီးဖြစ်သည်။
လက်နက်ငယ် ၁၇ လက် အပါအဝင် ၆ဝ မမ စိန်ပြောင်း၊ ဗုံးနှင့် ခဲယမ်းပစ္စည်းများဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံသို့ မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာနေရာတစ်နေရာတွင် လက်နက်ချ အလင်းဝင်ခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင် စောဆန်းအောင်သည် (ခွဲထွက်) DKBA တွင်သော်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော်-DKBA အဖွဲ့အနေဖြင့်သော်လည်း လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦး မဟုတ်တော့သလို အင်အား နှစ်ထောင် ကျော် ဖြင့် KNU ထဲသို့ပူးပေါင်းသွား ကြောင်းကိုလည်း KNUဘက်မှ တစ်စုံတစ်ရာအတည်ပြု ထုတ်ပြန်ထားခြင်း မရှိကြောင်း တွေ့ရသည်။
ထို့အတူ ကေအဲန်ယူ တပ်မဟာ ၆ မှ တပ်မှူးတစ်ဦးကလည်း ၎င်းသတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သတင်းမှားသာဖြစ်သည်ဟု ကေအိုင်စီသို့ ပြောဆိုသည်။


















