Home သတင်း မြဝတီ ရပ်ကွက် (၂) အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဖမ်းဆီးခံရ

မြဝတီ ရပ်ကွက် (၂) အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဖမ်းဆီးခံရ

1780

ဧပြီ ၂၉ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့မှ ရပ်ကွက် ၂ ယခင်အုပ်ချုပ်‌ရေးမှူး‌ဟောင်းအား ယမန်‌နေ့ ည က ‌နေအိမ်မှ လိမ်လည်‌ခေါ်‌ဆောင်ပြီး မြဝတီမြို့မရဲစခန်းအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထား ‌ကြောင်း သိရသည်။

ယမန်‌နေ့ ဧပြီ ၂၈ ရက် ည ၁၁ နာရီခန့်က အကူအညီ‌တောင်းစရာရှိသည်ဟုဆိုကာ အမှတ် (၁) ရပ်ကွက် ရာအိမ်မှူးတစ်ဦးမှ လာ‌ရောက်‌ခေါ်‌ဆောင်သွားသည်ဟု ရပ်ကွက် ၂ အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဦး‌မောင်‌မောင်ညွန့်၏ မိသားစုဝင်များက ‌ပြောသည်။

“မြဝတီမြို့မရဲစခန်းသို့ ‌ခေါ်‌ဆောင်သွားပြီး‌နောက် ဦး‌မောင်‌မောင်ညွှန့်အား ဖမ်းဆီးထိန်းသိမ်း လိုက်တာပါ။ ဘာ‌ကြောင့် ယခုလို ဖမ်းဆီးထိန်းသိမ်းခြင်းကို‌တော့ မသိ‌သေးသလို ယခု အချိန် ထိ မိသားစုနှင့် ‌တွေ့ခွင့်မရ‌သေးပါ”ဟု မိသားစုဝင်တစ်ဦးက ‌ပြောသည်။

မြဝတီမြို့‌ပေါ် ရပ်ကွက် ၅ခုရှိသည့်အနက် ယခင်အုပ်ချုပ်‌ရေးမှူး‌ဟောင်း ၄ဦးကို စစ်‌ကောင် စီမှ ဆက်လက်ခန့်ထားပြီး တာဝန်ထမ်း‌ဆောင်‌နေကြ‌သော်လည်း ရပ်ကွက် ၂ အုပ်ချုပ်‌ရေး မှူး ဦး‌မောင်‌မောင်ညွှန့်မှာ ၎င်း၏ဆန္ဒအ‌လျောက် နုတ်ထွက်ထားသူဖြစ်‌ကြောင်း သိရသည်။

ယမန်‌နေ့ ည က မြဝတီမြို့‌ပေါ် ရပ်ကွက် ၅ ခုမှ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ၅ ဦးအား ရဲစခန်းမှ ‌ခေါ်ယူပြီး‌နောက် ရပ်ကွက် ၂ အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဦး‌မောင်‌မောင်ညွှန့် တစ်ဦးတည်းကိုသာ ဖမ်းဆီးထိန်းသိမ်းခံရ‌ကြောင်း ၎င်း၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူပင် ယမန်‌နေ့ညက ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင်လည်း စစ်‌ကောင်စီလက်‌အောက်တွင် တာဝန်မထမ်း‌ဆောင်‌တော့သည့် ယခင်ရပ်ကွက် အုပ်ချုပ်‌ရေး မှူး‌ဟောင်းများကို လိုက်လံဖမ်းဆီးမှုများ ရှိခဲ့သည်ဟု သိရသည်။