Home သတင်း စစ်‌ကောင်စီတပ်၏ ‌လေ‌ကြောင်းတိုက်ခိုက်မှု‌ကြောင့် အရပ်သား ၃၀၀‌ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံထွက်‌ပြေးရ

စစ်‌ကောင်စီတပ်၏ ‌လေ‌ကြောင်းတိုက်ခိုက်မှု‌ကြောင့် အရပ်သား ၃၀၀‌ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံထွက်‌ပြေးရ

1860

ဧပြီ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ တပ်၏ ‌လေ‌ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘက်ခြမ်းရှိ ‌ဒေသခံအရပ်သား ၃၀ဝ ‌ကျော်သည် ယမန်‌နေ့(ဧပြီ ၂၈) ညက ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက် ‌ပြေးခိုလှုံ‌နေရ‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSN၏ ယ‌နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ ‌ပြောဆိုသွားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များမှ ထိုင်း-မြန်မာနယ်စပ်ရှိ ‌သောလယ်ထာ(မဲ့စန်လက်)အ‌ခြေစိုက် စစ်‌ကောင်စီ တပ်စခန်းကို တက်‌ရောက်သိမ်းပိုက်ပြီး‌နောက် စစ်‌ကောင်စီဘက်မှ ‌လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်မှု‌ကြောင့် ယခုလို ထွက်‌ပြေးတိမ်း‌ရှောင်လာရခြင်းဖြစ်သည်ဟု KPSN ၏ ‌ပြောခွင့်ရ ‌နော်က‌ညော‌ဖောက ယခုလို‌ပြောသည်။

၎င်းက “ညက ၉နာရီ‌ကျော်‌လောက်မှာ ကျမတို့ဆီကို သတင်းပို့လာတာက လူသုံးရာ‌လောက် ‌နောက်ထပ် ‌လေ ယာဉ် ဗုံးကြဲခံထိမှာစိုးလို့ ထိုင်းဘက်ကို ‌ရောက်လာကြတယ်။ ဒီ‌နေ့လည်း ထပ်‌ရောက်လာတယ်လို့ ကြားတယ်။ ဒီ‌နေ့ အ‌ရေအတွက် အတိအကျ ‌တော့မသိ‌သေးဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ထွက်‌ပြေး တိမ်း‌ရှောင်သွားသူများကို ထိုင်းစစ်တပ်ဘက်မှ စာရင်း‌ကောက်ယူထား‌သော်လည်း ‌နေ ထိုင်စား‌သောက်မှု စီစဉ်‌ပေးခြင်းမျိုးမရှိဘဲ တိမ်း‌ရှောင်သူများအ‌နေဖြင့် ကိုယ်ထူကိုယ်ထစား‌သောက် ‌နေထိုင် ‌နေကြရ‌ကြောင်းလည်း ‌နော်က‌ညော‌ဖောက ဆက်‌ပြောသည်။

ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသူများမှာ အီတူးထာ့ ‌ကျေးရွာမှ ‌ဒေသခံများအပြင် ယခင်ရက်ပိုင်းက စခန်းသိမ်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ‌ကျေးရွာအနီးအနားရှိ ‌ဒေသခံအရပ်သားများလည်း အိုးအိမ်စွန့်ခွာထွက်‌ပြေးတိမ်း‌ရှောင် ရမှုရှိ‌နေ‌ကြောင်း KPSN ကဆိုသည်။

ဧပြီလ ၂၇ ရက်‌နေ့က စစ်‌ကောင်စီ၏ ‌သောလယ်ထာ့(မဲ့စန်လက်) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး‌နောက် စစ်‌ကောင်စီဘက်မှ ‌လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ပြန်လည်လာ‌ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိုသို့ လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ရာတွင် ‌ဒေသခံများတည်ရှိရာ ‌နေရာများကိုသာ ပစ်မှတ်ထား တိုက်ခိုက်‌နေသည်ဟု KNU တပ်မဟာ (၅) ဘက်က ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၇ရက်‌နေ့တွင် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ သီးမူထာ စစ်‌ကောင်စီတပ်စခန်း တစ်ခုကို KNLA တပ်မဟာ (၅)က တက်‌ရောက်သိမ်းယူမှုပြုလုပ်ခဲ့ပြီး‌နောက် မတ်လ ၂၇ ရက်‌နေ့မှ ဧပြီလ ၁ ရက်‌နေ့အထိ စစ်‌ကောင်စီဘက်မှ KNU နယ်‌မြေထဲသို့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် အရပ်သား ၂ဝဦး‌ကျော် ‌သေဆုံးပြီး ၃ဝ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သလို ၂၃,၀၀၀‌ကျော် အိုးအိမ်စွန့်ခွာ ထွက်‌ပြေးခဲ့ရသည်။ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံများသည်လည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွား‌ရောက်တိမ်း‌ရှောင်ခဲ့ရာတွင် ထိုင်းအာဏာပိုင်များဘက်က လက်မခံသဖြင့် ပြန်ပို့ခြင်းခံခဲ့ရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွား‌ရောက်တိမ်း‌ရှောင်ကြသည့် အီတူးထာ ‌ဒေသခံများကို ပြီးခဲ့သည့် မတ်လ ၂၉ရက်‌နေ့တွင် ပြန်ပို့ခဲ့သည့် မြင်ကွင်း။