ဧပြီလ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဝါရင့် တော်လှန်ရေးသမားတစ်ဦးဖြစ်သူ စောဂျက်ကော့ ခေါ် စောကိုဦးသည် ယနေ့ဧပြီလ ၂၈ နံနက် ၅နာရီ မိနစ် ၄ဝ ခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။
ကွန်မြူနစ်ဝါဒကို အခိုင်အမာ ဆွဲကိုင်ထားသူလည်းဖြစ် လက်ရှိ ကော်သူလေးကောလိပ်( LMTC) ကျောင်းအုပ်လည်း ဖြစ်သူ အသက် (၈၁) အရွယ်ရှိပြီးဖြစ်သည့် စောဂျက်ကော့သည် ယနေ့ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဆေးရုံ၌ နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူ ဖြစ်သည့် စောလယ်နယ်က ပြောသည်။
“ဒီမနက်လေးပဲ ၅နာရီကျော်လောက်က ဆုံးသွားတာ။ ဘာရောဂါလဲ အသေချာမသိပေမဲ့ မေးကြည့်တော့ နှလုံးသွေးကြောကျဉ်းပြီး နှလုံးရပ်သွားတယ် ပြောတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ပညာရေးကို စိတ်အားထက်သူလည်းဖြစ် ရူပဗေဒ ဘာသာရပ်တွင် ထူးချွန်သူ စောဂျက်ကော့သည် အစ ကနဦးတွင် KNU နှင့်အတူ ကရင့်တော်လှန်ရေးတွင် ပါဝင်လာခဲ့ပြီးနောက် ၎င်းမှတဆင့် ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ)ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ကွန်မြူနစ်ဝါဒဖြင့် တော်လှန်ရေးကို ဆက်လက်ပါဝင်သွားသူ ဖြစ်သည်။
၎င်း၏ တပည့်အရင်းဖြစ်သူ စောလယ်နယ်က “သူက ပညာရေးကို ချစ်မြတ်နိုးသူဖြစ်တယ်။ ပညာရေးမှာလည်း ထူးချွန်တယ်။ နိုင်ငံခြား ပညာတော်သင် အကြိမ်ကြိမ် ဖိတ်ခေါ်ခံရပေမဲ့ နေဝင်းကြောင့်မသွားခဲ့ရဘူး။ သူက တကယ်ကိုယ်ကျိုးစွန့်သမားပါ။ အဖိနှိပ်ခံအတွက် ရပ်တည်တယ်၊ ရန်သူအပေါ် မိတ်ဆွေအပေါ် အမြင်ပြတ်သားတယ်။ လူငယ်တွေကိုလည်း ပညာရေး အတော်အားပေးတယ်။ သူဆုံးသွားတဲ့အချိန်အထိ ကော်သူးလေ ကောလိပ်မှာ ကျောင်းအုပ်တာဝန်ယူခဲ့တယ် ”ဟု ပြောသည်။
စောဂျက်ကော့ကို ၁၉၄ဝ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ရေနံချောင်းမြို့တွင် မွေးဖွားခဲ့ကာ တော်လှန်ရေး လောကထဲသို့ ပါဝင်ချိန်တွင် ၎င်း၏ဇနီးသည်နှင့်သားသမီးများကို စွန့်လွှတ်ကာ တော်လှန်ရေးအတွက် ဘဝကို ရင်းနှီးမြုပ်နှံပါဝင်ခဲ့ခြင်းဖြစ်ပြီး အများချစ်ခင်လေးစားခဲ့ရသူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ယခုလို ပြောသည်။
“သူဟာ ကျနော်တို့အတွက် စံပြ ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့ရဲ့ Vacuum Technique သုတေသနဟာ အဲ့ကာလ တုန်းက အင်မတန် ကြီးမားတဲ့ အောင်မြင်မှုပါ။ သူ့ရဲ့ပါတီ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သူ့ယုံကြည်မှုဟာ အင်မတန်စံပြုစရာ အကောင်းဆုံးပါ။ တဖက်မှာလည်း သူသိပ်ချစ်လှတဲ့ ကရင်ပြည်သူတွေအတွက်လည်း ဘယ် ကိုယ်ကျိုးတစ်ပြားတစ်ချပ်မှ မရှာခဲ့ဘဲ လုပ်ဆောင်ခဲ့သူပါ။ သူ့ကွယ်လွန်မှုဟာ တိုင်းတာလို့ မရနိုင်တဲ့ ဆုံးရှုံးမှု ကြီးပါ။” ဟု ကေအိုင်စီသို့ပြောသည်။
မြန်မာပြည်တွင် ကွန်မြူနစ် တော်လှန်ရေး လှုပ်ရှားမှုများ အားနည်းသွားသည့်တိုင် ကွန်မြူနစ် ဝါဒအပေါ် ခိုင်မာစွာဆွဲကိုင်ခဲ့သူဖြစ်ပြီး ၂၀၀၆မှစ၍ ကော်သူးလေ ကောလိပ်ကျောင်းတွင် ရူပဗေဒ ကျောင်းဆရာ အဖြစ် ပါဝင်သင်ကြားပေးခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ကောလိပ်၏ ကျောင်းအုပ်ဖြစ်လာခဲ့သည်။
ပညာရေး နှင့် တော်လှန်ရေးကို လုပ်ဆောင်သွားခဲ့သူ စောဂျက်ကော့သည် စာအုပ်အမြောက်အများကိုလည်း ဘာသာပြန်ထုတ်ဝေခဲ့သလို အဂင်္လိပ်ဘာသာဖြင့်လည်း ရေးသားခဲ့ပြီး ၎င်း၏ လက်စွဲဆောင်ပုဒ်ဖြစ်သော “Seek the truth from facts and serve the people” (အချက်အလက်မှ အမှန်ရှာ ပြည်သူကို အလုပ်အကျွေးပြု) ဆောင်ပုဒ်သည် ၎င်း၏ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထင်ရှားခဲ့သည့် ဆောင်ပုဒ်ဖြစ်သည်။
၎င်း၏ ဈာပနာ အခမ်းအနားကို လာမည့် ဧပြီလ ၃ဝ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်း ကွယ်လွန်ချိန်တွင် သမီး ၃ ဦး ကျန်ရစ်သည်ဟု သိရသည်။



















