Home သတင်း ဝင်း‌ရော်‌ဒေသ အာဏာသိမ်းဆန့်ကျင်‌ရေး ဆန္ဒပြပွဲပညာ‌ရေးဝန်ထမ်းအများအပြား ပါဝင်လာ

ဝင်း‌ရော်‌ဒေသ အာဏာသိမ်းဆန့်ကျင်‌ရေး ဆန္ဒပြပွဲပညာ‌ရေးဝန်ထမ်းအများအပြား ပါဝင်လာ

2346

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်း‌ရော်‌ဒေသခံများဦး‌ဆောင်၍ ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၉ ရက်) စစ်အာဏာရှင်စနစ်ကို အလိုမရှိ‌ကြောင်း ဆန္ဒထုတ်‌ဖော်ပွဲတွင် ပညာ‌ရေးဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမ အများအပြားပါဝင်လာခဲ့ကြသည်။

ဝင်း‌ရော်‌ဒေသရှိ ဘုရားငါးဆူ၊ ဒုံလီ၊ တ‌တော်နိုင်၊ ခလယ်၊ စွံမွံထုန်း၊ နန်းသိုင်းထွန်ရွာ လမ်းမကြီးအတိုင်း လမ်း ‌လျှောက်ချီတက်ကာ ဆန္ဒထုတ်‌ဖော်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၂၀ဝ ဦး‌ကျော်ထဲ တွင် ပညာ‌ရေးဝန်ထမ်း အများအပြားပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

တ‌တော်နိုင်ရွာမှ မူလတန်းပြဆရာမ နန်းစုလှိုင်သင်းက “ ဆန္ဒပြရတဲ့ရည်ရွယ်ချက်က စစ်အာဏာရှင်ကို အလို မရှိဘူး။ လွတ်လွတ်လပ်လပ်နဲ့ ‌နေထိုင်ချင်တယ်။ စစ်မှန်တဲ့ ဒီမိုက‌ရေစီစနစ်ကို ရရှိချင်လို့ပဲ ဖြစ်ပါတယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဆန္ဒထုတ်‌ဖော်ပွဲ၌ ‘စစ်အာဏာရှင်အလိုမရှိ၊ အထိန်းသိမ်းခံ‌ခေါင်း‌ဆောင်များ ချက်ချင်းလွှတ်၊ တိုင်းရင်းသား တန်းတူ အခွင့်အ‌ရေးရရှိ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်‌ပေါက်‌ရေး’ စသည့် ပိုစတာ၊ ‌ဆောင်ပုဒ်များကို ကိုင် ‌ဆောင် ‌ကြွေး‌ကြော်ကာ စီတန်းလှည့်လည်ခဲ့ကြသည်။

ဒုံလီရွာမှ မူလတန်းပြဆရာ ‌စောမျိုး‌ကျော်‌ကျော်ကလည်း “ကျ‌နော်တို့‌နေထိုင်တဲ့ ပြည်‌ထောင်စုသမ္မတ နိုင်ငံ ‌တော်ကို အုပ်ချုပ်တာ (ပြည်သူ့အစိုးရ) ပြည်သူ့နိုင်ငံပဲ ဖြစ်ရမယ်။ စစ်အာဏာရှင်အစိုးရကို အလိုမရှိဘူး။” ဟု ‌ပြောသည်။

ယ‌နေ့ဆန္ဒထုတ်‌ဖော်ပြသပွဲတွင် အစိုးရနယ်‌မြေခံရဲများ၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန တာဝန်ရှိသူအချို့မှ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးမှုရှိ‌သော်လည်း ‌နှောင့်ယှက်ဟန့်တားခြင်း၊ အ‌ရေးယူခြင်းများကို မ‌တွေ့ရှိရ ‌ကြောင်းလည်း သိရသည်။

‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် တပ်မ‌တော်မှ အာဏာထိန်းချုပ်လိုက်ခြင်း‌ကြောင့် မ‌ကျေနပ်သည့် ဝင်း‌ရော်‌ဒေသ ခံများသည် ယ‌နေ့တွင် ပထမဦးဆုံးအကြိမ် စု‌ပေါင်း ဆန္ဒထုတ်‌ဖော်ပြသလိုက်ခြင်းဖြစ်ပြီး ‌အောင်မြင်သည်အထိ ဆက်လက် ဆန္ဒထုတ်‌ဖော်ရန် ရည်ရွယ်ထား‌ကြောင်းလည်း ဦး‌ဆောင်သူများက ‌ပြောသည်။