အောက်တိုဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
ကရင်ပြည်နယ်တွင် ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပတော့သည့် ကျေးရွာအုပ်စုများစာရင်းကို ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ စာရင်းအရ ကရင်ပြည်နယ်တွင် ၇ မြို့နယ်ရှိသည့်အနက် မြို့နယ် ၆ ခုရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကရင်ပြည်နယ် ၇ မြို့နယ်တွင် ကျေးရွာအုပ်စု ၉၄ အုပ်စုရှိခဲ့သည့်အတွက် ယခု ၄၁ အုပ်စု ထပ်တိုးရွေးကောက်ပွဲ ကျင်းပသွား မည် ဖြစ်သည်။
ယခုလို ၂၀၁၅ ထက်ရွေးကောက်ပွဲ ပိုမိုကျင်းပနိုင်ခြင်းမှာ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများထားရှိ လာနိုင်ပြီး ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်နိုင်မှုများကြောင့် ဖြစ်ကြောင်း ကရင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ကေအိုင်စီသို့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောသည်။
“ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာနိုင်တဲ့ အပေါ်မှာ ကျနော်တို့ကလည်း အုပ်ချုပ်ရေးမှူးရှိတဲ့ ရွာတိုင်းမှာ ကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့စည်းလာနိုင်တယ်။ ဖွဲ့ပြီးတော့မှ ရွေးကောက်ပွဲအတွက် မဲစာရင်းရဖို့ ပြင်ဆင် ကောက်ယူတာတွေလုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြလို့ မဲစာရင်းတွေရလာတယ်။ ပြီးတော့ မဲရုံတွေ လျာ ထားပေးတယ်။ မဲရုံတွေ ဖွင့်လှစ်နိုင်ခဲ့လို့ ဒါတိုးပြီးတော့မှ ရွေးကောက်ပွဲ လုပ်နိုင်တဲ့နေရာတွေ တိုးလာခြင်း ဖြစ်ပါတယ်”ဟု ပြည်နယ် ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကရင်ပြည်နယ်တွင် ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပ နိုင် သည့် ကျေးရွာများစာရင်းတွင် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့နယ်တွင် ပျဉ်းမပင်ကျေးရွာအုပ်စု ပါဝင် ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အဆိုပါကျေးရွာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသလို ယင်းကျေးရွာ သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ ဖားအံမြို့နယ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိ ခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ စု၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ စုတို့ သည်လည်း ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းမရှိသည့်အတွက် အပြောင်းအလဲမရှိကြောင်း တွေ့ရသည်။
မြဝတီမြို့နယ်တွင်မူ ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် တာအုပ်ကျေးရွာအုပ်စု၊ မိဖား၊ သေဘောဘိုး ကျေးရွာအုပ်စုနှင့် မဲကုလားဆုံဆည်းမြိုင် ကျေးရွာအုပ်စု စသည်တို့တွင် ရွေးကောက်ပွဲကျင်း ပသွားမည်ဖြစ်သည်။
“အခုလို ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ တိုးပြီး ကျင်းပလာတာကို ကြိုဆိုတယ်။ မကျင်းပဘဲ ကျန်ခဲ့တဲ့ ကျေးရွာ အုပ်စု ၅၃ အုပ်စုအတွက်လည်း စိတ်မကောင်းဘူး။ ပါတီရဲ့ သဘောထားကတော့ ပြည်သူတွေ အားလုံးမဲ ပေးခွင့်ရ စေချင်တယ်” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
ထို့အပြင် သံတောင်ကြီးမြို့နယ်တွင်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု ၉စုရှိသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ၈ အုပ်စုသာကျန်ရှိပြီး ချောင်းမငယ်ကျေးရွာအုပ်စုတွင်မူ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။ သို့သော်ဒေသခံများအနေဖြင့် အနီးအနားရှိ ကျေးရွာများမှ မဲရုံများတွင်လည်း မဲသွားပေးရမည့် သဘောရှိသည်ဟု ဒေသခံများထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင်မူ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာ အုပ်စု ၈ အုပ်စုရှိခဲ့ပြီး ယခု လာမည့် ရွေးကောက်ပွဲတွင်မူ အဆိုပါကျေးရွာအုပ်စု ၈ အုပ်စုလုံး၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ လှိုင်းဘွဲမြို့နယ်တွင် ကေအဲန်ယူ၊ ဌာနချုပ်တည်ရှိပြီး ယခုလို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမှာ ထူးခြား သည်ဟု ဆိုနိုင်သည်။
“ကေအဲန်ယူကတော့ နယ်မြေအခြေအနေပေါ်မူတည်ပြီးတော့ ခွင့်ပြုပေးတဲ့သဘောလို့ မြင်တယ်။ ဥပမာ ဖာ ပွန်ဆို လုံးဝအဝင်မခံတဲ့ သဘောရှိတယ်။ လှိုင်းဘွဲမှာတော့ ကေအဲန်ယူထိန်းချုပ်တဲ့ဒေသက ပြည်သူတွေကို အနီးအနားမှာရှိတဲ့ ရွာတွေကမဲရုံမှာ မဲပေးခွင့် ပြုထားတယ်။ ဒါကြောင့် လှိုင်းဘွဲမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာမရှိ တော့တာလို့ မြင်ပါတယ်”ဟု ဒေသတွင်း ကေအဲန်ယူနှင့်နီးစပ်သူတဦးက သုံးသပ်ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင်မူ ၂၀၁၅ တွင် ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၃၈ အုပ်စုထိ ရှိခဲ့ သော်လည်း ၂၀၂ဝ ရွေးကောက်ပွဲတွင်မူ ကျေးရွာအုပ်စု ၉ အုပ်စုသာ မကျင်းပနိုင်ဘဲ ကျန်ခဲ့သည်ကိုတွေ့ ရသည်။ ထို့ကြောင့် ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ကျင်းပမည့် ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလာခဲ့ သည်။
ယခုလို ကြာအင်းဆိပ်ကြီးတွင် ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလားခြင်းသည် ဒေသတွင်းရှိ ကေအဲန်ယူ၊ ဒူးပ လာယာခရိုင် (တပ်မဟာ ၆ )က ဒေသတွင်း ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် ညှိနှိုင်းစီစဉ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများက ကေအိုင်စီသို့ပြောသည်။
“ ကျနော်တို့ဘက်မှာက ကေအဲန်ယူအုပ်ချုပ်ရေးမှူးတွေပဲ များတယ်။ အစိုးရ အုပ်ချုပ်ရေးမှူးမရှိသလောက်ပဲ။ ဒါပေမဲ့ ကေအဲန်ယူလည်းပဲ ရပ်ရေးရွာရေး၊ ပညာရေး၊ ကျန်းမာရေးကျတော့ အစိုးရနဲ့လက်တွဲရတယ်။ အခု ရွေးကောက်ပွဲမှာလည်း ဒေသခံတွေ မဲထည့်လို့ရအောင် ကေအဲန်ယူက နားလည်မှုပေးထားတယ်လို့ နားလည် ရမှာပေါ့ နော်” ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ ဖော့ကော်ကေ စာပေဌာန တာဝန်ခံ ဆရာ စော ယောင့်သာအဲဆန်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ဘက်ရှိ ကျေးရွာအုပ်စု အားလုံးတွင် ရွေးကောက်ပွဲ မဲထည့်ခွင့်ရမည် ဖြစ်သလို ဖားပြရွာရှိ မဲရုံတွင် ထိန်းချုပ် နယ်မြေမှ ပြည်သူများမဲပေးနိုင်ရန် စီစဉ်ထားပြီး ကြာအင်းဆိပ်ကြီး ဝင်းရော်ဒေသတလျှောက် မဲရုံမရှိသည့် ရွာများက မဲရုံရှိသည့် ရွာများတွင်မဲလာပေးရန် စီစဉ်ထားသည်ကိုတွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ကြားအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာ အုပ်စု ၉ အုပ်စုမှာ မဲဆန္ဒနယ်အမှတ် ၁ ဘက် တွင်ရှိကာ အဆိုပါရွာများသည် ကရင်တို့သာနေထိုင်သည့်အတွက် ကရင်ပါတီများ အထိနာမည့်သဘော တွေ့ ရကာ မဲပေးခွင့်ရအောင် ညှိနှိုင်း စီစဉ်ပေးခြင်းမရှိခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ကေအိုင်စီ ၏ ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
“ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာတွေတိုးလာတဲ့အတွက် ကေအဲန်ယူရဲ့အုပ်ချုပ်ရေး ကျဆင်း သွားတာတော့ မဟုတ်ဘူး။ မဆိုင်ဘူး၊ ညှိနှိုင်းလုပ်ဆောင်ကြလို့ပါ” ဟု ဆရာစောယောင့်သာအဲဆန်က မှတ် ချက်ပြု ပြောသည်။