မတ်လ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သော မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားများမှတဆင့် ထိုင်းနိုင်ငံသားများမှ လွဲ၍ အခြားမည်သည့် နိုင်ငံခြားသားမျှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း တာဝန်ရှိသူများက ပြောသည်။
မတ်လ ၁၉ ရက်နေ့မှစတင်၍ မြဝတီနယ်စပ်တံတားများကနေ မြန်မာနှင့် ထိုင်းနိုင်ငံသားကလွဲပြီး အခြား မည်သည့် နိုင်ငံခြားသားမဆို ဝင်ထွက် သွားလာခွင့်မပြုရဟု မတ်လ ၁၈ ရက်နေ့က အထက်အရာရှိမှ လမ်းညွှန်ချက်ရှိထားသည်ဟု မြဝတီမြို့အမှတ်(၁)ချစ်ကြည်ရေးတံတားမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဌာန (တံတား) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းရွှေက ပြောသည်။
“ကျနော်တို့ ညွှန်ချုပ်ကတော့ မြဝတီနယ်စပ်ချစ်ကြည်ရေး တံတားများမှတဆင့် နိုင်ငံခြားသားများ ဝင်ထွက်သွား လာမှုနှင့်ပတ်သက်၍ သမ္မတရုံးကနေ အမိန့်ထွက်မယ်လို့ ပြောလာပါတယ်။ ဒါကြောင့် မတ်လ ၁၉ ရက်နေ့မှစ၍ မြန်မာနှင့်ထိုင်းနိုင်ငံသားများမှ လွဲပြီး အခြားနိုင်ငံခြားသားများကို ဝင်ခွင့်ပိတ်ဖို့ လုပ်ထားပါဟု ညွှန်ကြား ထားတယ်”ဟု ဦးသန်းရွှေက ပြောသည်။
လက်ရှိအချိန်တွင်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားရာ မူလဇစ်မြစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများမှာ ထိုင်း-မြန်မာနယ်စပ်ရှိ တရားဝင်တံတားပေါ်မှ နေ့စဉ်ဝင်ထွက်သွားလာမှုများ ရှိနေသလို တရားမဝင်လှေဆိပ်များ မှလည်း ဝင်ထွက်သွားလာမှုများရှိနေ၍ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်မှုရှိနေသည်။
မြဝတီမြို့နေ ပြည်သူတစ်ဦးက “တရားဝင် မြဝတီချစ်ကြည်ရေးတံတားပေါ်ကနေ ဝင်ထွက်ခွင့်ပိတ်လိုက် ရုံဖြင့် မလုံလောက်ပါဘူး။ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှတဆင့် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် တစ်လျှောက် မှာရှိတဲ့ တရားမဝင်လှေဆိပ် တွေကနေ ဝင်ထွက်သွားလာမှု ရှိနေသည့်အတွက် အဲ့ဒီတရားမဝင် လှေဆိပ်တွေ ကိုလည်း အချိန်ကာလ တစ်ခုထားပြီး ပိတ်ထားသင့်ပါတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနှင့် သောင်ရင်းမြစ်ကို ဖြတ်သည့် လှေဆိပ်များအားလုံး ပိတ်လိုက်ပြီဟု ယခုရက်ပိုင်းအတွင်း သတင်းများထွက်ပေါ်လာသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် နယ်စပ်ဒေသတွင် နေထိုင်ကြားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအကြား စိုးရိမ်မှု ဖြစ်ပွားလျက်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ နယ်စပ် ဒေသမှာ နေထိုင်မြန်မာနိုင်ငံသားတွေကြားထဲမှာ အဲဒီချစ်ကြည်ရေးတံတားနဲ့ စက်လှေဂိတ်တွေက အင်မတန် အရေးကြီးတယ်။ နေ့စဉ်သွားရေးလာရေး၊ စားဝတ်နေရေးတွေ၊ ကူးသန်းသွားလာရေးတွေ၊ စီးပွားရေးလုပ်ငန်း အဝဝတွေ အရေးကြီးတဲ့အခါကျတော့ ဒီသတင်း စကားဖြစ်တည်တာတွေက တကယ်တမ်းဆိုရင်တော့ အဲဒီသတင်းအမှားတွေက မကောင်းဘူး။ တရားဝင်သတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်ကိုပဲ အတည်ပြုပါ။ ဖေ့ဘွတ်ခ်(လူမှုကွန်ယက်)တွေမှာ သတင်းအမှားလုပ်နေတဲ့လူတွေရဲ့စကားကို သွားပြီး နားမယောင်ပါနဲ့နော်”ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် မြဝတီနယ်စပ်မှတဆင့် မြန်မာပြည် တွင်းသို့ (တရုတ်နိုင်ငံသားများ) အပါအဝင် နိုင်ငံခြားသားများအား ခရီးသွားလာမှုနှင့်ပတ်သက်၍ မည်သည့် ယာဉ်လိုင်းများမှ တင်ဆောင်စီးနင်းခွင့် မပြုရန် မြဝတီမြို့ နယ်မော်တော် ယာဉ်လိုင်းပေါင်းစုံစည်း ကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီစာအမှတ် စည်းကမ်း/ စီမံရေးရာ- ၂၁ /၂၀၂ဝရက်စွဲ ၂၀၂ဝ ပြည့်နှစ်၊ မတ်လ ( ၁၆ )ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။



















