Home သတင်း ‌တောင်က‌လေး (ဖလုံပညာ့တွာန့်)တွင် ပထမဦးဆုံးအကြိမ် ကရင်ရိုးရာစု‌ပေါင်းမီးပုံပွဲ ကျင်းပမည်

‌တောင်က‌လေး (ဖလုံပညာ့တွာန့်)တွင် ပထမဦးဆုံးအကြိမ် ကရင်ရိုးရာစု‌ပေါင်းမီးပုံပွဲ ကျင်းပမည်

3318

‌ဖေ‌ဖော်ဝါရီလ ၃ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် စု‌ပေါင်းမီးပုံပွဲ(ဍွဲအုဂ်ဒါန့်)ကို ‌တောင်က‌လေး (ဖလုံပညာ့တွါန့်) ကရင်နှစ် သစ်ကူးကွင်း၌ ‌ဖေ‌ဖော်ဝါရီလ ၈ရက်၊ တပို့တွဲလပြည့်‌နေ့တွင် ပထမဦး ဆုံးအကြိမ်အ‌နေဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

ကရင်လူမျိုးတို့၏ ရိုးရာစု‌ပေါင်းမီးပုံပွဲ (ဘုံးအုဂ်ဒါန်.) အလှူ‌တော်အား ထိန်းသိမ်းမြှင့်တင်‌ဆောင်ရွက်နိုင်ရန်၊ စု‌ပေါင်းလုပ်ကိုင်‌ဆောင်ရွက်ခြင်းအားဖြင့် ကရင့်ရိုးရာယဉ်‌ကျေးမှု ဓ‌လေ့များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန်အပြင် ကရင်ရိုးရာဘဝ ဓ‌လေ့နှင့်အညီ ထိန်းသိမ်း‌နေထိုင်တတ်‌စေရန်စသည့် ရည်ရွယ် ချက်များနှင့် ယခုမီးပုံပွဲ‌တော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ပါဝင်သည့် အရှင် ဥတ္တမ(မာန်နာဲဟိ)က ‌ပြောသည်။

အရှင်ဥတ္တမက “အဓိက ရိုးရာဓ‌လေ့ ယဉ်‌ကျေးမှု‌တွေကို မပ‌ပျောက်ဖို့အတွက် ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိက ဩဝါဒမိန့်ကြားချက်နဲ့ ပထမဦးဆုံးအကြိမ် ‌တောင်က‌လေး (ဖလုံပညာ့တွာန့်)မှာ ကျင်းပ မှာဖြစ်တယ်။ မီးပုံပွဲတစ်ခုထဲမကဘဲ ‌ပျောက်ကွယ်သွားမယ့် ‌အော်ပွဲ(ဆိုအါင်လင်ထာ‌ခေါဟ်ပွယ်)ကိုလည်းရွာသူရွာသား ‌တွေနဲ့ တလာခုံးက အချို့နဲ့ ‌ဖော်ထုတ်ဖို့ စီစဉ်ထားတာလည်းရှိတယ်” ဟု ‌ကေအိုင်စီသို့ မြွက်ကြား သည်။

‌တောင်က‌လေး (ဖလုံပညာ့တွာန့်) ကရင်နှစ်သစ်ကူးကွင်း၌ ကျင်းပပြုလုပ်မည့် ကရင်ရိုးရာစု‌ပေါင်းမီးပုံပွဲ‌တော်ကို တပို့တွဲလဆန်း ၁၄ရက်‌နေ့ အဖိတ်‌နေ့တွင် စတင်ကျင်းပမည်ဖြစ်ကာ မနက်ပိုင်းတွင် မုဒ်ဦးဖွင့်ပွဲနှင့်အတူ ထမနဲ ထိုးပွဲနှင့် ပွဲ‌တော်ကွင်းထိန်း ကျွဲရုပ်ထုကြီးဖွင့်ပွဲများဖြင့်ကျင်းပမည်ဖြစ်သည်။

ထို့အပြင် မီးပူ‌ဇော်မည့်အစီအစဉ်ကို တပို့တွဲလပြည့်ည ၁၁ နာရီအချိန်ခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ စု‌ပေါင်းမီးပုံပွဲ (ဍွဲအုဂ်ဒါန်. )ပွဲ‌တော်ထဲတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ‌ရှေး‌ခေတ်မြန်မာ့ရိုးရာ လက်‌ဝှေ့ ‌မြေဝိုင်းပွဲများအပြင် ကရင်ရိုးရာ ‌အော်ပွဲ(ဆ်ုအါင်လင်ထာ‌ခေါဟ်ပွယ်)လည်း ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။

မီးပုံပွဲကို ကရင်အယူအဆဖြင့် (ဍွဲအုဂ်ဒါန်. တစ်နည်းအားဖြင့် ဒွဲ့‌အောက်ဒ‌ယောင်း) ဟု‌ခေါ်ဆိုကြသလို မ‌ကောင်း‌သောအရာများကို လွတ်‌မြောက်‌စေချင်သည့်အတွက် မီးနှင့်အတူရှို့လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ယူဆမှုများဖြင့် ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကရင်ရိုးရာ မီးပုံပွဲကို ကရင်ပြည်နယ်အတွင်း နှစ်စဉ် တပို့တွဲလပြည့်‌နေ့တွင်ကျင်းပကြသလို အချို့‌နေရာတွင် ပြာသိုလပြည့်‌နေ့တွင် ကျင်းပလျက်ရှိသည်။ အစဉ်အလာမပျက်ကျင်းပသည့် အဆိုပါမီးပုံပွဲ‌တော်ကို ကျုံဒိုးမြို့ အပြင် ဖားအံမြို့နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် အချို့‌ဒေသတွင် ကျင်းပပြုလုပ်မှု များရှိ သည်ဟုလည်း သိရသည်။