မူဘောင်မဲ့ ရှင်သန်စီးမျှောမှုက
အယ်နီညိုအကြိုက်
ပန်းကလေးတွေကို ဖဲ့ဖဲ့စားတဲ့ ပိုးလောက်လို
ဖြည်းဖြည်းခြွေ ခြွေခဲ့။
အခြွေခံရတဲ့ ပန်းကလေးတွေ
အချိန်မဲ့ ငိုကြွေးသံကိုတောင်
မျက်ကွယ်ပြု
သူ့အတ္တကို ရှေ့တန်းတင် ရှင်သန်နေတာက
“ယိုသူမရှက်
မြင်သူရှက်ဖွယ်
ရှက်တတ်ရင် လဲသေနိုင်”ဆိုတဲ့
အရပ်စကားကိုတောင် နားကန်းနေရဲ့။
ဘိုးဘွားတို ့ဝိညာဉ်ငဲ့
သားမြေးတို ့ရှင်သန်မှုကို သုခမြေမှ
နိုးထကြည့်ပါလှည့်
လွတ်မြောက်သူ ဘိုးဘွားကိုတိုင်တည်
ပန်းတွေမမွှေး
စမ်းတွေမအေး
ငှက်ကလေးတွေ
ငြိမ်းချမ်းရေးတေး မဆိုဘူး။
ဤအခါသမယ
ကမ္ဘာသည်
ကမ္ဘာနဲ့ထပ်တူပြုဖို ့
ကျိန်းစက်ရာမြေ ရှားပါးတဲ့ပုံရိပ်
ဪ လွတ်မြောက်သူတို ့
အရှင့်လောကကို နာတော်မူလှည့်
ဘိုးဘွားတို ့ရတနာတွေ
ယခင်လိုရှိပါလေစ
ယခင်လို စစ်မှန်ပါလေစ နာတော်မူလှည့်
ပြီး ဘယ်မူဘောင်
ဘယ်လမ်းစဉ်နဲ့ ဘာလုပ်ရမယ်ဆို
ချမှတ်ပေးပါလှည့် အရှင် ။ ။
ဆန်းဒေး(သာကေတ) ( မေ ၉ ရက်၊ ၂ဝ၁၉ ခုနှစ်)



















