ဩဂုတ် ၂၁ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၏ ၄၇ကြိမ်မြောက် ဖလုံလိက်ထူ့လီ ကရင်စာပေသင်တန်း စာမေးပွဲ ကို ဩဂုတ် ၂၁ရက် (ယနေ့) နံနက်ပိုင်းတွင် ဝင်းရော်ဒေသ၊ ခလယ်ရွာခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတာဝန်ခံ စောအဲဆိုဖေါင်က “မိုးတွင်းမှာ ကရင်စာပေသင်တန်းလုပ်တာက အလုပ်တစ်ဖက်နဲ့ မိခင် စာပေ မသင်လိုက် ရသူတွေရော အစိုးရကျောင်းတက်ပြီး မိခင်စာပေသင်ကြားချင်တဲ့ လူငယ်တွေကို ပထမတန်းကနေ လေးတန်းအထိ သင်ပေး တယ်။ ကရင်ဒုံးအကနဲ့ ရိုးရာသီချင်းတွေ သူတို့တွေ ထိန်းသိမ်းတတ်အောင် သင်ပေးတယ်။ သင်ယူတတ်မြောက်မှု အခြေအနေ ကို အခု စာမေးပွဲကနေတစ်ဆင့် စိစစ်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
နှစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့သည့် သင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား ၁ဝဝဦးကျော် တက်ရောက်ခဲ့ပြီး သင်တန်းအပြီး စာမေးပွဲတွင် အောင်မြင်သူများနှင့် ယဉ်ကျေးမှုပိုင်း ထူးချွန်သူများကို ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု ဆရာဖြစ်သင်တန်း သို့ တက်ရောက်ခွင့်ပြုသွားမည်ဟု သင်တန်းတာဝန်ခံများထံမှ သိရသည်။
လိက်ထူ့လီစာ ဒုတိယတန်းကျောင်းသူ နောင်သမော့အဲ့ဆိုက “အစိုးရကျောင်းမှာ ဆယ်တန်းအောင်မြင်ထားတယ်။ မိခင်စာပေ မှာတော့ ဒုတိယတန်းပဲ သင်ရသေးတယ်။ ကရင်ရိုးရာနဲ့ ယဉ်ကျေးမှုအကြောင်းအရာတွေ မေးတယ်။ ဖြေဆိုနိုင်ပါတယ်။ ကိုယ် ရောက်တဲ့နေရာမှာ မိခင်စာရော ကိုယ့်ရိုးရာဒုံးအက ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းပြန်သင်ပေးချင်တယ်”ဟု ပြောသည်။
ဖလုံ လိက်ထူ့လီကရင်စာပေကို အစိုးရစာသင်ကျောင်းများ၌ သင်ကြားပေးနေသော်လည်း ကျောင်းပြင်ပရောက် လူငယ်အများ နှင့် အစိုးရအတန်းပညာတတ်မြောက်ပြီး မိခင်စာပေ မသင်ခဲ့ရသူများအတွက် ရည်ရွယ်ကာ ယခုလိုသင်တန်းဖွင့် လှစ်ကာ ရေးဖြေစာမေးပွဲ နှစ်စဉ်ကျင်းပခဲ့ပြီး ယခု ၄၇ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။



















