ဇူလိုင် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ကရင်လူမျိုးနှင့်တကွ မြန်မာနိုင်ငံသားများအတွက် လူမှုကယ်ဆယ်ရေးနှင့် ပညာရေးလုပ်ငန်းများကို ကူညီလုပ်ဆောင် နေသော ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (Oversea Karen Refugees’ Social Organization-OKRSO)၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဇူလိုင် ၁၆ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။
၂၅ နှစ် ကာလအတွင်း လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲဖြစ်သော OKRSO အဖွဲ့သူ၊ အဖွဲ့သားများ၏ စိတ်ဓာတ်ခွန်အားရရှိစေရန်အတွက် ဤအခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပ ရခြင်းဖြစ်ကြောင်း OKRSO တွဲဖက်အတွင်းရေးမှူး (၂) စောအဲသိုလ်မှ ဇူလိုင်လ ၁၇ ရက်နေ့(ယနေ့)တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “OKRSO ဟာ ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းဖြစ်တယ်။ ငွေကြေးမတတ်နိုင်တဲ့အပိုင်းတွေမှာ အခက်အခဲက အများကြီးရှိတယ်။ အဖွဲ့ရှေ့ဆက်နိုင်ဖို့က မဟာမိတ်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေက အပြန်အလှန်ဖေးမကူညီ ကြတယ်။ ပြည်တွင်းပြည်ပက အလှူရှင်တွေလည်းကူညီတယ်။ ကိုယ့်ပြည်သူလူထုတွေ လည်း ဝိုင်းဝန်းလုပ်ဆောင်ရင်းနဲ့ လူမှုရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်သွားမယ်” ဟု ပြောသည်။
OKRSO ၏ ၂၅ပြည့် ငွေရတု အထိမ်းအမှတ်ဂုဏ်ပြုပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အတွင်းရေးမှူး ၂ ပဒို စောလှထွန်းနှင့် ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ထိုင်းရှေ့နေကြီး ဆူလဖုန်အပါအဝင် OKRSO အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း ၃၀ဝ ဦးခန့်တက်ရောက်ခဲ့ရာ အခမ်းအနားတွင် ကေအဲန်ယူမှ OKRSO အ တွက်ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားပေးခြင်း၊ အားပေးစကားများပြောကြားပြီး OKRSOမှ ၂၅ နှစ်တာကာလ အတွင်း လုပ် ဆောင်ခဲ့သည့် မှတ်တမ်းများ၊ ဓာတ်ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ၂၅ နှစ်တာ ကာလတွင် လူမှုရေးလုပ်ငန်းများကို ကြိုးစားလုပ်ဆောင်ခဲ့ကြသူများအား ဂုဏ်ပြုဆု မှတ်တမ်းလွှာ များ ချီးမြှင့်ပေးပြီးနောက် တက်ရောက်လာသော အဖွဲ့အသီးသီးမှ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် တင်ဆက်ကပြခဲ့ကြသည်။
ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “OKRSO ဟာ ထိုင်းနိုင်ငံတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပြီး အခက်အခဲဖြစ်နေတဲ့ ကိုယ့်ကရင်လူမျိုးတွေကို ကူညီတယ်။ ကရင်လူမျိုးတွေ တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်တွေ၊ ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း စီစဉ်သင်ကြားပေးတဲ့အခါမှာ ဦးဆောင်တယ်။ အခက်အခဲကြားက ကြိုးစားလာခဲ့ကြတဲ့ OKRSO အဖွဲ့သားတွေကို ဂုဏ်ပြုချင်လို့ တက်ရောက်ခဲ့တာပါ။” ဟု ပြောသည်။
OKRSO ကို ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ပြည်ပရောက် ကရင်လူမျိုးများအတွက် လူမှုကယ်ဆယ် ရေးနှင့် ပညာ ရေးလုပ်ငန်းများကို ကူညီလုပ်ဆောင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ တွင် အလုပ် အမှုဆောင်ကော်မတီဝင် ၃၃ ဦးဖြင့် ဘန်ကောက်မြို့တွင် အခြေစိုက်နေသည့် အဖွဲ့အစည်းဖြစ်သည်။
OKRSO အဖွဲ့သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ကရင်လူမျိုးများ၏ အရေးကိစ္စများကို ကူညီဖြေရှင်းပေးခြင်း၊ စစ် ဘေးနှင့်သဘာဝဘေးအန္တရာယ်ခံစားရသူများအတွက် ကူညီထောက်ပံ့ပေးခြင်း၊ ကရင်အမျိုးသားရေး အထိမ်း အမှတ်နေ့များအား နှစ်စဉ်ကျင်းပခြင်း၊ အလုပ်ပိတ်ရက်များတွင် သင်တန်းများဖွင့်ကာ ကရင်၊ ထိုင်း၊ အဂင်္လိပ်စာများ၊ ရိုးရာယဉ်ကျေးမှုများ၊ အလုပ်သမားအခွင့်အရေး၊ ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှု၊ ကျန်းမာရေး အသိပညာပေးရေး စသည်တို့ ကို လုပ်ဆောင်ပေးလျက်ရှိသည်။