ဇွန် ၂၉ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နေသည့်ကာလတွင် တိုင်းရင်းသား မီဒီယာအခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်များတွင် အများစုအခြေစိုက် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများမှ တိုင်းရင်းသား မီဒီယာမူဝါဒ (အကြမ်း) တစ်ခုရေးဆွဲသွားမည်ဖြစ်သည်ဟု သိရသည်။
ပြည်နယ် ၇ ခုရှိ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်း၊ ရန်ကုန်-မန္တလေး အခြေစိုက် ပင်မမီဒီယာအဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းအပါအဝင် လူဦးရေ (၁၇၆)ဦးတက်ရောက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပသည့် ၅ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံမှ ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
BNI ဒါရိုက်တာဖြစ်သူ နိုင်ကဆုမွန်က “နိုင်ငံရေးအပြောင်းအလဲကာလမှာ ပြဌာန်းတဲ့ မီဒီယာ ဥပဒေတွေဟာ အားလုံးကို လွှမ်းခြုံပြီး ရေးဆွဲထားတဲ့အတွက် များသောအားဖြင့် တိုင်းရင်းသား မီဒီယာအခန်းကဏ္ဍတွေ မပါဘူး။ ဒါကြောင့် ကျနော်တု့ိ ဘက်က တိုင်းရင်းသား မူဝါဒတစ်ခုရေးဆွဲဖို့ဖြစ်လာတာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
သုံးရက်တာ ကျင်းပသည့် တိုင်းရင်းသား မီဒီယာညီလာခံတွင် ပြည်နယ်အလိုက် မီဒီယာအခြေအနေများကို တင်ပြပြီး၊ တိုးတက်ဖွံ့ဖြိုးရေးအခြေအနေဆွေးနွေးခြင်း၊ မီဒီယာတွင် မသန်စွမ်းသူများနှင့် အမျိုးသမီးများ ကဏ္ဍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သတင်းထောက်များ၏ လုံခြုံရေးကိစ္စ သတင်းရယူခွင့်ဥပဒေနှင့် တိုင်းရင်းသား မီဒီယာမူဝါဒ ရေးဆွဲရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိအခြေအနေများအရ ပြည်ထောင်စုလွှတ်တော်မှပြဌာန်းထားသည့် မီဒီယာဆိုင်ရာဥပဒေ၊ နည်းဥပဒေ များတွင် တိုင်းရင်းသားမီဒီယာများ အခန်းကဏ္ဍအားနည်းနေသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍပီပြင်လာရေး၊ သတင်းလွတ်လပ်စွာ ရယူခွင့်ရှိရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်ရေးအတွက် တိုင်းရင်းသား မီဒီယာ မူဝါဒတစ်ရပ်ရေးဆွဲရန် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများက လုပ်ဆောင်လာခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ရာတွင် ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားမီဒီယာများအား အသိအမှတ်ပြုရေးအတွက် ပြည်နယ်လွှတ်တော်၊ အစိုးရနှင့်လူမှုအဖွဲ့အစည်းများအား အသိပေးဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ညီလာခံအပြီးထုတ်ပြန်သည့် ထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“တိုင်းရင်းသားမူဝါဒရေးဆွဲဖို့ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေရယ် တိုင်းရင်းသား CSO တွေ တိုင်းရင်းသား လူထုတွေပေါင်းပြီး ရေးဆွဲမှာဖြစ်ပါတယ်။ ရလာတဲ့မူဝါဒကို ကိုင်စွဲပြီးတော့မှ နည်းလမ်းအမျိုးမျိုးနဲ့ မီဒီယာဥပဒေ တွေမှာ အပြောင်းအလဲတွေ၊ ပြင်ဆင်ချက်တွေ ဖြစ်လာဖို့ ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပါတယ်”ဟု BNI ဒါရိုက်တာဖြစ်သူ နိုင်ကဆုမွန်က ဆက်ပြောသည်။
၎င်းအပြင် ယမန်နေ့က ထုတ်ပြန်သည့် ညီလာခံထုတ်ပြန်ချက်တွင် တိုင်းရင်းသားမီဒီယာမူဝါဒအပြင် တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းများ၏ အရည်အသွေး၊ နည်းပညာ၊ ပစ္စည်းကိရိယာ၊ ဈေးကွက်နှင့် ရေရှည် ရပ်တည်ရေးအတွက် အခက်အခဲများစွာရှိနေပြီး နိုင်ငံတကာအလှူရှင်များ၊ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပင်မမီဒီယာအဖွဲ့အစည်း များအနေဖြင့် ဝိုင်းဝန်းအကူအညီပေးရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။
မြန်မာသတင်းသိပ္ပံကျောင်းမှ Training Director ဦးစိန်ဝင်းက “မူဝါဒရလို့ရှိရင် တိုင်းရင်းသား မီဒီယာတွေ အများကြီး ဖွံ့ဖြိုးလာနိုင်ပါတယ်။ တချို့ဟာတွေဆိုရင် အစိုးရတွန်းအားပေးရမှာတွေရှိတယ်။ စွမ်းရည်မြှင့်တင် ရေးတွေလုပ်ရမှာတွေရှိ တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ရလဒ်တွေက ပြောင်းလဲ သွားနိုင်တယ်။ ပြန်လည် ဆန်းစစ်မှုတွေလည်း အမြဲတမ်းလုပ်နေရမယ်။ အဲ့ဒီလိုဆက်တိုက်လုပ်ပေးခြင်းအားဖြင့် တိုးတက်မှုတွေရလာ နိုင်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်၊ ယခု ကယား(ကရင်နီ) ပြည်နယ်များတွင် တိုင်းရင်းမီဒီယာ ညီလာခံကို ကျင်းပခဲ့ပြီးဖြစ်ပြီး လာမည့် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံကို ကရင်ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။