Home သတင်း ပြည်နယ်အစိုးရသစ်အ‌နေဖြင့် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး ပိုလုပ်‌ပေး‌စေလိုဟု ကရင်စာယဉ် ဥက္ကဋ္ဌ‌ပြော

ပြည်နယ်အစိုးရသစ်အ‌နေဖြင့် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး ပိုလုပ်‌ပေး‌စေလိုဟု ကရင်စာယဉ် ဥက္ကဋ္ဌ‌ပြော

1875

မတ် ၁၈ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

လာမည့် ဧပြီလတွင် တာဝန်စတင်ထမ်း‌ဆောင်မည့် ကရင်ပြည်နယ် အစိုးရသစ်အ‌နေဖြင့် ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ‌နေထိုင်နိုင်‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် တိုင်းရင်းသားစာ‌ပေများ ထိထိ‌ရောက်‌ရောက် သင်ကြား နိုင်‌ရေးအတွက် လုပ်ကိုင်‌ပေးရန် ‌မျှော်မှန်းသည်ဟု ကရင်ပြည်နယ်၊ ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ဥက္ကဌ မန်း‌စော‌အေးမြက ‌ကေအိုင်စီသို့ မတ် ၁၇ ရက်‌နေ့တွင် ‌ပြောသည်။

“အနည်းဆုံး‌တော့ အရင်ကထက် အသင့်အတင့်တိုးတက် လာမှာပဲ၊ ဘယ်‌လောက်လည်း‌တော့ ခန့်မှန်း မရဘူး။ အစိုးရရဲ့ ဘဏ္ဍာ‌ရေး၊ ‌ငွေ‌ရေး‌ကြေး‌ရေးအ‌ပေါ်မှာ မူတည်တာ‌ပေါ့။ အဓိကဖြစ်‌စေချင်တာ က‌လေး‌တွေ ပညာတတ်ဖို့နဲ့ တိုင်းရင်းသားစာ‌ပေကိုလည်း ပိုမိုထိ‌ရောက်စွာ သင်ကြားလာနိုင်ဖို့ပဲ”ဟု စာယဉ် ဥက္ကဌ မန်း‌စော‌အေးမြက ‌ပြောသည်။

ထို့အပြင် ပွင့်လင်းမြင်သာမှုရှိလာပါက နိုင်ငံတကာအကူအညီများလည်း ပိုမိုရရှိလာနိုင်သလို ပြည်နယ်အတွင်း ‌အေးချမ်းစွာ ပညာသင်ကြားနိုင်‌ရေးအတွက် ပြည်နယ်အစိုးရသာမက နိုင်ငံတကာကလည်း ကူညီလုပ်ကိုင်‌ပေး ‌စေလိုသည်ဟု မန်း‌စော‌အေးမြက ဆက်‌ပြောသည်။

လက်ရှိ အစိုးရ‌ကျောင်းများတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ တိုင်းရင်းသားစာ‌ပေများကို သူငယ်တန်းမှ ဒုတိယတန်းအထိ ‌ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့် ‌ပေးခဲ့‌သော်လည်း ထိ‌ရောက်မှုမရှိသလို၊ ဖတ်စာအုပ်နှင့် သင်‌ထောက်ကူပစ္စည်များအားနည်းခြင်း၊ သင်ကြားမည့် ဆရာဆရာမများကို ပံ့ပိုးမှုအပိုင်းအားနည်းခြင်းနှင့် မွန်းမံသင်တန်းများကို စာယဉ်များက ဦး‌ဆောင်လုပ်ကိုင်‌ပေး‌နေရခြင်းများ ရှိ‌နေသည်ဟု စာယဉ် တာဝန်ရှိသူများက ဆိုသည်။

ယခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်‌နေ့က ရန်ကုန်မြို့၌ NLD ကရင့်‌ရေးရာဝန်ကြီး ၄ ဦးနှင့် ကရင့်‌ရေးရာ‌ကော်မတီ (KAC)တို့ ရန်ကုန်မြို့၌ ‌တွေ့ဆုံစဉ် ပဲခူး၊ ဧရာဝတီ၊ တနသင်္ာရီနှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်တို့ ‌ကော်မတီတာဝန်ရှိသူများက ကရင်စာ‌ပေသင်ကြား‌ရေးအပိုင်းတွင် ပိုမိုလုပ်ကိုင်‌ပေးရန်တိုက်တွန်း ‌ပြောဆိုခဲ့ သည့်အ‌ပေါ် တိုင်းရင်းသားအခွင့်အ‌ရေးနှင့် ပညာ‌ရေးဖွံ့ဖြိုးတိုးတက်ရန် လုပ်ကိုင်‌ပေးသွားမည်ဟု ရန်ကုန်တိုင်း ‌ဒေသကြီး၊ ကရင်တိုင်းရင်းသား‌ရေးရာ၊ ကိုယ်စားလှယ်‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလအတွင်းက ပထမအကြိမ်ပြည်‌ထောင်စုလွှတ်‌တော်၌ ပြဋ္ဌာန်းလိုက်သည့် တိုင်းရင်းသား အခွင့်အ‌ရေးများ ကာကွယ်‌စောင့်‌ရှောက်‌ရေးဥပ‌ဒေတွင် ပြည်‌ထောင်စုအဆင့် တိုင်းရင်းသား ‌ရေးရာ ဝန်ကြီးဌာန တခုဖွဲ့စည်းရမည်ဟု ‌ဖော်ပြထားပြီး လာမည့် အစိုးရသစ်တွင် ဝန်ကြီးဌာန တခုဖွဲ့စည်းမည် ဖြစ်ရာ တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေးပိုမိုလုပ်ကိုင်လာနိုင်မည်ဟု သုံးသတ်မှုများ ထွက်‌ပေါ်‌နေ‌ကြောင်း သိရသည်။

အလားတူ ၂၀၀၈ဖွဲ့စည်းပုံပါ ဥပ‌ဒေ ပုဒ်မ(၃၅၄)၊ (ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်း‌ကောင်း၊ အခြားဘာသာ သာသနာကိုလည်း ထိခိုက်မှု မရှိ‌စေဘဲ မိမိ ချစ်မြတ်နိုးသည့် စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှု ကိုးကွယ်သည့် ဘာသာနှင့် ဓ‌လေ့ ထုံးတမ်းများကို လွတ်လပ်စွာ ‌ဆောင်ရွက်ပိုင်ခွင့် ရှိ‌ကြောင်း ‌ဖော်ပြထားသည်။