ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံး နှစ် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုနှုတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂ဝရက်နေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ နား နေဆောင်ခန်းမ၌ ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့အနီးတဝိုက်ရှိ တက္ကသိုလ်များသို ့အနယ်နယ်အရပ်ရပ်မှ ကျောင်းတက်သည့် ကရင်ကျောင်း သူကျောင်းသားများအချင်းချင်း ရင်းနှီးမှုရှိစေရန်၊ တက္ကသိုလ် စာယဉ်လုပ်ငန်းများကို အတူတွဲလုပ်ရန်နှင့် အဆင့်မြင့်ပညာ သင် ကြားရင်း ကရင်စာပေနှင့်ယဉ်ကျေးမှု လုပ်ငန်းများကို တဖက်တလမ်းမှ စည်းလုံးညီညွှတ်စွာ လုပ်ဆောင်သွားရန် စသည့်ရည် ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု စာယဉ်အတွင်းရေးမှူး စောမန်းသူအောင်က ကေအိုင်စီသို့ ပြောသည်။
ယင်းအခမ်းအနားသို ့ တက္ကသိုလ်စာယဉ်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်အသီးသီးရှိ ကရင်ကျောင်းသူ ကျောင်းသားများ၊ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာ ရန်ကုန်)မှ ကော်မတီဝင်များ အပါ အဝင် စုစုပေါင်း ၃၀ဝဦးခန့် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် အခမ်းအနားတွင် စာယဉ်ဥက္ကဌ၊ ဒေါက်တာနော်ဂျူးဖေါ(အဂင်္လိပ်စာ)မှ အမှာစကားပြောကြားပြီး ဆရာဆရာမများ မိတ်ဆက်ခြင်း၊ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများ မိတ်ဆက်ခြင်းနှင့် တေးသရုပ်ဖော်အကများ၊ ဒုံးအကများ စသည်တို့ဖြင့် တစ်နေ့တာ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတက်ရောက်လာသည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သတ္တဗေဒ၊ စတုတ္ထနှစ်ကျောင်းသား စောအောင်မိုးမင်းက “အခုနှစ်ကစပြီး တက္ကသိုလ်အသီးသီးမှာ အဆင့်မြင့်ပညာသင်ကြားဖို့ ရောက်လာတဲ့ ကရင်ကျောင်းသူကျောင်းသားများအနေနဲ့ စာပေပညာထူးချွန်အောင် သင်ယူသလို တဖက်တလမ်းကလည်း တက္ကသိုလ် စာယဉ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ကြဖို့ တိုက် တွန်းလိုပါတယ်”ဟု ပြောသည်။
ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)အနေဖြင့် တက္ကသိုလ် ကရင်မဂ္ဂဇင်းထုတ်ဝေ ခြင်း၊ ပြက္ခဒိန်ထုတ်ဝေခြင်း၊ ကျောင်းပေါင်းစုံ ကရင်ကျောင်းသားများ ဘောလုံးပွဲကျင်းပခြင်း၊ တက္ကသိုလ်ဒုံး ဖွဲ့စည်းကာ နေ့ထူး နေ့မြတ်များတွင် ပါဝင်ဖျော်ဖြေခြင်း စသည်တို့ကို နှစ်စဉ် ပြုလုပ်လေ့ရှိကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။



















