Home သတင်း စစ်အုပ်စုလူ့အခွင့်အရေးကော်မရှင်ကို SEANF အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မှု ရှေ့ပြေးအသံအဖွဲ့ကြိုဆို

စစ်အုပ်စုလူ့အခွင့်အရေးကော်မရှင်ကို SEANF အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မှု ရှေ့ပြေးအသံအဖွဲ့ကြိုဆို

12
ပုံစာ-ရန်ကုန်မြို လှိင်မြိုနယ် ပြည်လမ်းရှိ MNHRC ရုံးချုပ်။

အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)ကို လူ့အခွင့်အရေးအဖွဲ့အစည်း အဓိပ္ပါယ်နှင့်မကိုက်ညီသဖြင့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်(SEANF)၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည့်အပေါ် ကြိုဆိုကြောင်း ရှေ့ပြေးအသံအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါလုပ်ရပ်သည် SEANF ၏ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သလို မြန်မာပြည်သူလူထုအတွက်လည်း အောင်ပွဲတစ်ခုဖြစ်ကြောင်း ယနေ့၊ အောက်တိုဘာ(၂၁)ရက်နေ့ ထုတ်ပြန်ချက်အတွင်း ရှေ့ပြေးသံအဖွဲ့ (Progressive Voice)က ဆိုထားခြင်းဖြစ်သည်။

ထိုသို့ဖြစ်လာရန် ရှေ့ပြေးအသံအဖွဲ့ ပါဝင်နေသော မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏လုပ်ငန်းအဖွဲ့ (CSO Working Group on Independent National Human Rights Institution Burma/Myanmar) အနေဖြင့် ၅ နှစ်ကြာ တောင်းဆိုလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရှေ့ပြေးအသံ တည်ထောင်သူနှင့် ယာယီအမှုဆောင်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက “စစ်တပ်ရဲ့ နေ့စဉ်အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာမှာ ခေါင်းဆောင်မှုပြသခဲ့တဲ့ SEANF ကို ကျေးဇူးတင်ပါတယ်။ MNHRC ဆိုတာ လူ့အခွင်အရေးအဝတ်ကိုခြုံထားတဲ့ စစ်တပ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောသည်။

SEANF အုပ်ချုပ်ရေးအဖွဲ့၏ အရည်အချင်းသုံးသပ်မှုအရ MNHRC သည် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက် စစ်ဆေးရန် ငြင်းပယ်မှုရှိခဲ့သလို စစ်အုပ်စု၏ရာဇဝတ်မှုများကို ကာကွယ်ပေးခြင်းကြောင့် SEANF ၏ကိုယ်ပိုင်စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။

ထို့အပြင် လာမည့် ၂၀၂၇ ခုနှစ် အလှည့်ကျဥက္ကဌတာဝန်နှင့် (၂၃) ကြိမ်မြောက် SEANF နှစ်ပတ်လည်ညီလာခံတို့တွင် MNHRC ၏ ပါဝင်ခွင့်ပိတ်ခံရပြီးလည်းဖြစ်သည်ဟု ရှေ့ပြေးသံအဖွဲ့က ထုတ်ပြန်ချက်တွင် ဆိုသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် MNHRC သည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ နှုတ်ဆိတ်နေ၍ အကာအကွယ်ပေးနေခြင်းကြောင့် အရပ်ဖက်အဖွဲ့အစည်းများက ၎င်းအား စစ်အုပ်စုအပေါင်းအပါအဖြစ် ထိုစဥ်ကတည်းက ရှုမြင်ခဲ့ကြခြင်းဖြစ်သည်။