အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စနစ်နှင့် CI ထုတ်ပေးရေးစခန်းများတွင် မြန်မာစစ်အုပ်စုအရာရှိများကို လာရောက်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို အားပေးကူညီရာရောက်မည်ကို ထိုင်းလွှတ်တော်အမတ်များက စိုးရိမ်နေကြကြောင်း ထိုင်းသတင်းဌာနများဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရသည် စစ်အုပ်စုဘက်မှတာဝန်ရှိသူ(၃၁)ဦးအား ခရိုင် (၅) ခုရှိ CI စခန်းများတွင် အလုပ်သမားများ၏ စာရွက်စာတမ်းနှင့်အခွန်အခကိစ္စများကို လာရောက်ကိုင်တွယ်ခွင့်ပြုရန် စီစဥ်ထားသည့်အပေါ် မြန်မာစစ်အုပ်စုကို လုပ်ပိုင်ခွင့်ပေးလွန်းရာရောက်ကြောင်း ဝေဖန်မှုများထွက်ပေါ်နေခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအထက်လွှတ်တော်အမတ် ထေဝရစ် မဏိချိုင်က တရားဝင်မှုမရှိသောစစ်အုပ်စုသည် CI စနစ်မှ ရရှိသည့် အခကြေးငွေများကို လူထုကိုနှိမ်နင်းရာတွင် ရန်ပုံငွေအဖြစ် အသုံးပြုနေ၍ CI မှတ်ပုံတင်ခြင်းက ၎င်းတို့အား ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများကို လွယ်လွယ်ကူကူ ထောက်လှမ်းနိုင်ရန် လမ်းဖွင့်ပေးသလို ဖြစ်နေကြောင်း ထောက်ပြပြောဆိုသည်။
ယင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ပန်းရောင်ကတ် စနစ်ကိုသာ အသုံးပြုသင့်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြသရန်လိုအပ်သည်ဟု မဏိချိုင်က သတိပေးထားသည်။ သို့မဟုတ်ပါက ထိုင်းက စစ်အုပ်စု အလိုတူအလိုပါကဲ့သို့အမြင်မျိုး ရှိလာနိုင်သည်ဟု ဆိုသည်။
ထို့အပြင် CI လျှောက်ထားရာ၌ ခေါင်းပုံဖြတ် တောင်းခံနေသည့် အဂတိလိုက်စားမှုများ ရှိနေပြီး အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက တာဝန်မဲ့ ငြင်းဆန်နေသည့်အပေါ် လည်း ထိုင်းအောက်လွှတ်တော်အမတ် စီယာ ချမ်ပါထောင်ကလည်း စိုးရိမ်တကြီး ဝေဖန်ခဲ့ခြင်းရှိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

CI စနစ်သည် ဖိနှိပ်မှုကြောင့် မြန်မာမှ ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာရသူများ၏ အလုပ်သမားရေးရာအချက်အလက်များကို စစ်အုပ်စုထံ အလွယ်တကူ ရယူခွင့်ပေးလိုက်ခြင်းလည်း ဖြစ်ပြီး နိုင်ငံရေးအရ ဖိအားပေးရန် လမ်းစဖြစ်သည်ဟု စီယာ ချမ်ပါထောင်က ပြောသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးအနေဖြင့် CI စခန်းများတွင် ဖြစ်ပွားနေသည့် အဂတိလိုက်စားမှုများနှင့် ထိုင်းအရာရှိများ၏ ပါဝင်ပတ်သက်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန်၊ စစ်အုပ်စုခန့် အရာရှိ (၃၁) ဦးကို လုပ်ပိုင်ခွင့်ပေးထားသည့်အပေါ် ထုတ်ပြန်ပေးရန်နှင့် ကြားခံခေါင်းပုံဖြတ်မှုမရှိသည့် ထိုင်းအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်ရေးစနစ်သို့ ပြောင်းလဲပေးရန်လည်း လွှတ်တော်အမတ်များက တောင်းဆိုထားကြသည်။
ထို့အတူ စာရွက်စာတမ်းစနစ်ရှုပ်ထွေးမှုနှင့် အခွန်ကောက်ခံမှုတို့အပြင် နိုင်ငံရေးခြိမ်းခြောက်မှုများကို အလုပ်သမားများ ရင်ဆိုင်နေရသဖြင့် ၎င်းတို့၏အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေးအတွက် ထိုင်းအစိုးရက CI စနစ်ကို စနစ်တကျ ပြန်လည်သုံးသပ်ရန် ထိုင်းလွှတ်တော်အမတ်များက တောင်းဆိုကြခြင်းရှိသည်။
CI စနစ်သည် ပတ်စ်ပို့မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံအတွင်း သွားလာနေထိုင်ခွင့်ရရေး လျှောက်ထားရသည့် မြန်မာနှင့်ထိုင်းပူးပေါင်း ကိုင်တွယ်သောစနစ်ဖြစ်သည်။
ယခင်ကတည်းက CI စာအုပ်ရရေး အကျိုးဆောင်ခများစွာပေးလျှောက်နေရသည်တွင် လက်ရှိ မိသားစုထံသို့ အလုပ်သမားလစာ၏ ၂၅ ရာခိုင်နှုန်းကိုပါ စစ်အုပ်စုထိန်းချုပ်ထားသည့် ဘဏ်လမ်းကြောင်းဖြင့် လွှဲပို့ပြရသည့်စနစ်ပါ ထပ်တိုးလာခြင်းကြောင့် ငွေကြေးအခက်အခဲတွေ့လာရကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ထောက်ပြပြောဆိုနေကြခြင်းဖြစ်သည်။


















