Home သတင်း ပန်းတနော်တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးအား အပြင်းအထန် ရိုက်နှက်လုယက်မှုဖြစ်ပွား

ပန်းတနော်တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးအား အပြင်းအထန် ရိုက်နှက်လုယက်မှုဖြစ်ပွား

11
Photo: ထီးထာကရင်လူငယ်များပရဟိတဖောင်ဒေးရှင်း

အောက်တိုဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးအား သေစေလောက်သည်အထိ ပြင်းထန်စွာ ရိုက်နှက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက် နေ့လယ် (၁) နာရီဝန်းကျင်တွင် ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာနေထိုင်သူ အသက် (၄၀) အရွယ် ဆိုင်ကယ်ကယ်ရီသမား ကိုဂျင်မောင်မောင်အား အသက် (၁၆) နှစ်မှ (၁၈) နှစ်ဝန်းကျင်ရှိ လူငယ် (၃) ဦးက ကယ်ရီငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ် (၃) ဦးသည် ပြန်ပလော့ကျေးရွာနှင့် ပိတောက်ချောင်းကျေးရွာကြား လူသူပြတ်လပ်သော နေရာသို့ အရောက်တွင် ကိုဂျင်မောင်မောင်အား အနောက်မှနေ၍ လည်ပင်းကိုချုပ်သိုင်းပြီး တုတ်၊ ဝါးလုံးတို့ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ခဲ့သည်။

ကိုဂျင်မောင်မောင် သတိမေ့နေသည်ကို သေဆုံးသွားပြီဟုထင်မှတ်ကာ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးအပါအဝင် ပိုင်ဆိုင်သည့်ပစ္စည်းများကို ယူဆောင်ပြီး ၎င်းအား လမ်းဘေးမြောင်းအတွင်း ပစ်ထားခဲ့ရာ လယ်ထဲတွင် အလုပ်လုပ်နေကြသော ရွာသားများက တွေ့ရှိ၍ ကူညီကယ်တင်ပေးခဲ့ရကြောင်း သိရသည်။

ကျူးလွန်ခံရသူမှာ ဦးခေါင်း၊ မေးရိုး၊ လက်ဖျံရိုးနှင့် လက်ခုံရိုးများအပါအဝင် ရင်ဘတ်နှင့် ဆီးခုံနေရာတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် လက်ရှိ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသနေရသည်ဟု ကျန်းမာရေးကိစ္စလိုက်ပါအကူအညီပေးသည့် ထီးထာကရင်လူငယ်များ ပရဟိတဖောင်ဒေးရှင်းက ဆိုသည်။

“ရဲမှုခင်းကတော့ လုပ်နေတုန်းပါ။ အမှန်တကယ် အဲ့လူတွေက မျက်နှာစိမ်းတွေ၊ ကြိုတင်စီစဉ်ထားတာလား မသိဘူး။ ဒီမြို့က လူတွေတော့ မဟုတ်ဘူး” ဟု ထိုဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ ကိုဂျင်မောင်မောင် သေစေလောက်သည်အထိ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရသည့်အပေါ် ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူပေးရန်နှင့် ၎င်းပိုင်ဆိုင်သော ပစ္စည်းများ ပြန်ရရေး သူ၏မိသားစုဝင်များနှင့် ဒေသခံများက လိုလားနေကြသည်။

ခေတ်ကာလမတည်ငြိမ်မှုအပေါ် အခွင့်အရေးယူ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားတူ အသက်အန္တရာယ်ပြုခံရသည်အထိ လုယက်မှုများဖြစ်ပွားခဲ့ခြင်းရှိသဖြင့် ဆိုင်ကယ်ကယ်ရီသမားများသာမက ဒေသခံများ အထူးသတိပြု သွားလာကြရန်လည်း အရပ်ဖက်အဖွဲ့များက နှိုးဆော်တိုက်တွန်းသည်။