Home သတင်း မိဇိုင်းတောင်ခြေရောက် စောမုတ်သုန်အဖွဲ့ များ ကေအဲန်ယူ လက်မခံ၍ ပြန်လည်ရုပ်သိမ်း

မိဇိုင်းတောင်ခြေရောက် စောမုတ်သုန်အဖွဲ့ များ ကေအဲန်ယူ လက်မခံ၍ ပြန်လည်ရုပ်သိမ်း

12

အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)ဘက်က လက်မခံ၍ ကမမောင်းမြို့အနီး မိဇိုင်းတောင်ခြေတွင် လာရောက်အခြေချနေသည့် ကရင်ပြည်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူး စောမုတ်သုန်အဖွဲ့များ နေရာမှပြန်လည်ရုပ်သိမ်းသွားကြောင်း သိရသည်။

ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်ခံထားရသည့် BGF အမှတ် (၄) တပ်နယ်မှူးနှင့် တပ်ရင်း (၁၀၂၂) တပ်ရင်းမှူး တာဝန်ယူထားသူ ဗိုလ်မှူး စောမုတ်သုန်သည် ကမမောင်းမြို့အနီး မိဇိုင်း (မယ်ကျိ) တောင်ခြေ ဧရိယာတွင် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက တပ်ဖွဲ့ဝင်အင်အား (၃၀၀) ဖြင့် လာရောက်အခြေချနေခြင်းဖြစ်သည်။

သို့ရာတွင် တပ်မဟာ (၅) ဘက်က လိုလားခြင်းမရှိ၍ ဖြစ်လာနိုင်သည့်ပွတ်တိုက်မှုများအပေါ် ကြိုတင်သတိပေးခြင်းနှင့် ၎င်းတို့ စခန်းနေရာအထိ သွားရောက် တိုက်ခိုက်ခဲ့ရာ ယခုအောက်တိုဘာလထဲတွင် စခန်းချရာတောင်ခြေနေရာမှ ဗိုလ်မှူးစောမုတ်သုန်နှင့်အဖွဲ့များ ပြန်လည်ထွက်ခွာသွားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီးက ပြောသည်။

“မိဇိုင်း (မယ်ကျိ) တောင်ခြေမှာ လာနေတုန်းက တပ်မဟာ (၅) ဘက်က လက်မခံခဲ့ပါဘူး။ ဒီမှာ ဆက်နေရင် မလိုအပ်ဘဲ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သူ့ကို ကြိုတင်အသိပေးခဲ့တာမျိုး ရှိတယ်။ ဒါ့အပြင် သူတို့ စခန်းထိုင် နေတဲ့နေရာကို သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်လည်း အခုလို ပြန်ထွက်သွားတာ ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးချုပ် စောဂီနွီးက ပြောသည်။

တောင်ခြေတွင် လာရောက်နေထိုင်စဉ်အတွင်း ဗိုလ်မှူး စောမုတ်သုန်သည် အနီးအနားရှိ ဝါတမို၊ နိုထာ၊ လယ်ကွဲနှင့် ဝါးဒူး စသည့် ကျေးရွာများတွင် စားနပ်ရိက္ခာ လှူဒါန်းခြင်းနှင့် လမ်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းရှိသည်။

သို့ရာတွင် ၎င်း၏လုပ်ရပ်များသည် ဒေသတည်ငြိမ်အေးချမ်းရေးအသွင်ဆောင်သော လက္ခဏာမဟုတ်ဘဲ ပြဿနာသာပိုများလာနိုင်၍ ယခုလိုအဖွဲ့ရုပ်သိမ်းသွားသည့်အပေါ် လူထုအတွက် ကောင်းမွန်သည့်ကိစ္စဖြစ်ကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ဆိုသည်။

၎င်းက “တပ်မဟာ (၅) နဲ့ တပ်မဟာ (၁) ကြားမှာ ဗိုလ်မှူးစောမုတ်သုန် လာရောက်နေထိုင်တာနဲ့ပတ်သက်ပြီး တပ်မဟာ (၅) အတွက်လည်း မကောင်းသလို သူ့အတွက်လည်း မကောင်းပါဘူး။ အခု သူပြန်ထွက်သွားပြီဆိုတော့ အဓိကက ပြည်သူတွေအတွက် ပိုကောင်းသွားတာပေါ့” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မူတြော်နှင့် ဒူးသထူခရိုင်နယ်မြေကြား လှုပ်ရှားနေသည့် KNLA တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ဗိုလ်မှူးစောမုတ်သုန် ပြန်လည်ထွက်ခွာသွားသည်မှာ ၁၀ ရက်ဝန်းကျင်ရှိပြီး ယင်းနောက်တွင် ကျန်ရှိနေသည့်တပ်ဖွဲ့ဝင်များပါ တဖြည်းဖြည်း ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်ခြမ်းတွင်သာ အဓိက လှုပ်ရှားနေထိုင်ခဲ့သူ BGF ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှုနှင့် ရာဇဝတ်မှု ကျူးလွန်သည့် အထောက်အထားများဖြင့် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် ဥရောပသမဂ္ဂ (EU) ကလည်း စောမုတ်သုန် အပါအဝင် BGF/KNA ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် BGF ပိုင် ကုမ္ပဏီအချို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှု ကဲ့သို့ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှု ရှိခဲ့သည်။