Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် စာသင်နေသည့် ကျောင်းသားအချို့ ကျောင်းထွက်နေရ

အုန်းဖျန်ဒုက္ခသည်စခန်းတွင် စာသင်နေသည့် ကျောင်းသားအချို့ ကျောင်းထွက်နေရ

12
Photo: Kaw Moo Rah's School

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လျော့နည်းလာခြင်းနှင့် မိသားစုဝင်ငွေကျဆင်းလာခြင်းတို့ကြောင့် ဆယ်ကျော်သက်လူငယ်အချို့သည် ကျောင်းပညာရေးကို ဆက်လက်သင်ယူနိုင်ခြင်း မရှိတော့သဖြင့် ကျောင်းထွက်နေရသည်ဟု ဆရာမနှင့် ကျောင်းသားမိဘများထံမှ သိရသည်။

နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ (The Border Consortium – TBC) ၏ ရိက္ခာထောက်ပံ့မှု ရပ်တန့်သွားပြီးနောက် မိသားစုစားဝတ်နေရေး ပိုမိုခက်ခဲလာသည့်အတွက် ကျောင်းထွက်ကာ ဝင်ငွေရရှိသည့် အလုပ်လုပ်နေရကြောင်း အုန်းဖျန်ဒုက္ခသည်စခန်းရှိ အသက် ၄၁ နှစ်အရွယ် သားသမီးငါးဦးရှိ မုဆိုးမမိခင်တစ်ဦးက ပြောသည်။

“အကြီးဆုံးသားလေးလည်း ကိုးတန်းနဲ့ ကျောင်းထွက် အလုပ်လုပ်ရတယ်၊ စားစရာ မရှိလို့ ကိုးတန်းတက်နေတဲ့ အငယ်လေးလည်း ကျောင်းဆက်မနေရဘဲ အလုပ်ထွက်လုပ်ရတယ်။ ကျန်တဲ့ ကလေးတွေကတော့ စာဆက်သင်နေကြတယ်” ဟု အဆိုပါမိခင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်း စုစုပေါင်း ၆ ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁,၈၄၇ ဦးရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ၁,၇၈၅ ဦးသာရှိတော့သဖြင့် ကျောင်းသားဦးရေ ၆၂ ဦး လျော့နည်းသွားကြောင်း သိရသည်။

အုန်းဖျန်ဒုက္ခသည်စခန်းရှိ ကော်မူးရာ အမှတ် (၁) အထက်တန်းကျောင်းတွင် ယခင်နှစ်က ကျောင်းသား ၅၃၂ ဦးရှိရာမှ ယခုနှစ်တွင် ၄၈၀ ဦးသာရှိသည့်အတွက် ယခုနှစ်တွင် ကျောင်းထွက်သည့်ကလေး သိသိသာသာ များလာသည်ဟု ကျောင်းအုပ်ဆရာမဖြစ်သူ နော်ဝိတူဖောက ပြောသည်။

“မိဘတွေက ကျောင်းစရိတ် မတတ်နိုင်တာနဲ့ ကျောင်းတွေကို ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီ လျော့နည်းလာတာကြောင့် အထူးသဖြင့် Grade 11 နဲ့ Grade 12 ကျောင်းသားအချို့ စခန်းပြင်ကို အလုပ်သွားဖို့ ကျောင်းထွက်နေကြပါတယ်။ ဒါ့အပြင် တချို့မိဘတွေက ကလေးတွေကို စခန်းထဲမှာ စောင့်ရှောက်ပေးမယ့်သူ မရှိတာကြောင့် စခန်းအပြင်ဘက်မှာ အလုပ်လုပ်တဲ့အခါ ကလေးတွေကိုပါ ခေါ်သွားကြရပြီး အဲဒီကလေးတွေဟာ ကျောင်းမတက်နိုင်တော့တဲ့ အခြေအနေတွေ ရှိပါတယ်” ဟု ဆရာမနော်ဝိတူဖောက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ ပညာရေးဌာန (KRCEE) ၏ စီမံအုပ်ချုပ်မှုအောက်ရှိ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၇) ခုတွင် မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၄၅ ကျောင်း ရှိသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ ၂၄,၄၆၂ ဦး ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ၂၀,၆၂၉ ဦးသာ ရှိတော့သဖြင့် ကျောင်းသားဦးရေ ၃,၈၃၃ ဦး လျော့နည်းသွားကြောင်း KRCEE ၏ မှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကျောင်းနေအရွယ် ဦးရေ ၆ သန်းကျော် ပညာသင်ယူခွင့်ဆုံးရှုံးနေသည်ဟု ၂၀၁၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များကို ကိုးကားပြီး ISP Myanmar က ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်အဖြစ်ရှိနေကြသည့် ကျောင်းနေအရွယ်ကလေး၏ စုစုပေါင်း ၄၄ ရာခိုင်နှုန်းမှာလည်း ပညာသင်ခွင့်ဆုံးရှုံးနေကြောင်း ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေ လျော့နည်းလာမှုသည် ဒုက္ခသည်ကလေးများ ပညာသင်ယူခွင့်ရရှိရေးကို ထိခိုက်လာနိုင်ကြောင်းလည်း UNHCR က သတိပေးထားသည်။