အောက်တိုဘာ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ရက်ပိုင်းအတွင်း ကျင်းပတော့မည့် ၂၀၁၅ရွေးကောက်ပွဲ၌ နယ်စပ်ဒေသအတွင်း လွတ်လပ်မှန်ကန်စွာ မဲထည့်ပိုင်ခွင့်နှင့် ပတ် သက်၍ “နယ်စပ်ဒေသနှင့် လွတ်လပ်မှန်ကန်သော မဲပေးပိုင်ခွင့် ״ ခေါင်းစဉ်ဖြင့် အချေအတင်စကားဝိုင်းတစ်ခုကို ယမန်နေ့က မြဝတီမြို့၊ စိမ်းလဲ့ဒီပါဟိုတယ်၌ ကရင်သတင်းဋ္ဌာနက ကျင်းပပြီးစီးခဲ့သည်။
၎င်းစကားဝိုင်းကို USAID ၏ ပံ့ပိုးမှုတို့ဖြင့် နိုင်ငံတကာမြန်မာသတင်း(BNI)၏ လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဦး ဆောင်ဆွေးနွေးသူများအဖြစ် မြဝတီခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌလည်းဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးစိန်ဗိုလ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဖြူဖြူဝင်း၊ ကရင်ရေးရာကော်မတီ အဖွဲ့ဝင် နော်အယ်ဖောဝါးနှင့် ဒေသခံမဲဆန္ဒရှင် စောအောင်မြလတ်တို့ အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဦးစိန်ဗိုလ်က “ပြည်သူတွေက လွတ်လပ်စွာ မဲထည့်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစကတည်းက မဲစာရင်းမှားယွင်းမှုတွေက တစ်ကြိမ်၊ နှစ်ကြိမ်အထိ ဖြစ်လာတော့ သံသယတော့ ဖြစ်မိတာပေါ့။ မြဝတီခရိုင်မှာ မဲဆန္ဒရှင်တွေက မြို့ပေါ်မှာများတယ်။ မြို့ပေါ်က လူတွေ က အသိပညာရှိတာများတော့ ၅ဝရာခိုင်နှုန်းအထက်တော့ မှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်ကြမှာပါ״ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယခုကဲ့သို့ အစီအစဉ်မျိုးသည့် မဲဆန္ဒရှင်ပြည်သူများအား ပညာပေးခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လည်း အသိပညာများရရှိကာ ကျင့်ကြံရမည့် ဆောင်ရန်၊ရှောင်ရန်များကို နားလည်သဘောပေါက်သွားမည်ဟုလည်း ယုံကြည်မိ သည်ဟု ဦးစိန်ဗိုလ်က ဆက်ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် အဆိုပါ အချေအတင်စကားဝိုင်း(DEBATE) သို့ ဖိတ်ကြားထားသည့် ပါတီကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ မြဝတီမြို့မှ လူမှုရေးနှင့် အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဒေသခံ စိတ်ပါဝင်စားသူများနှင့် မီဒီယာသမား များ စုစုပေါင်း လူဦးရေ ၄ဝနီးပါး တက်ရောက်ခဲ့ကြသည်။
ဦးဆောင်ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ မဲဆန္ဒရှင် စောအောင်မြလတ်က “ကျနော်တို့ဒေသမှာ ဘာမှပြောင်းလဲမှုမှ မရှိသေးပါဘူး။ ပြည်သူတွေမှာက အသိတရားတွေနဲ့ မနေခဲ့ရဘဲနဲ့ အကြောက်တရားတွေနဲ့ပဲ ထိတွေ့မှုတွေ များခဲ့တော့ အကြောက်တရားတွေနဲ့ ပဲ အုပ်ချုပ်လာခဲ့တာကိုက လွတ်လပ်စွာ မဲပေးခွင့်အပေါ် ပြည်သူတွေ စိုးရိမ်နေကြတုန်းပဲ״ဟု စကားဝိုင်း၌ တင်ပြဆွေးနွေးခဲ့ သည်။
ထို့အပြင် မှန်ကန်စွာ မဲပေးနိုင်ရေး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု ကျန်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ၎င်းတို့မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တောက်လျှောက် ပူးပေါင်းခဲ့ပြီး အခွင့်အရေး တစုံတရာ မရရှိဘဲ အဖိနှိပ်ခံနေရသည့်အတွက် ပြည်သူများအနေဖြင့် ပင်ပမ်းနေပြီဖြစ်ကြောင်းလည်း စောအောင်မြတ်လတ်က ပြန်လည်တုန့်ပြန်ဆွေးနွေးအကြံပြုခဲ့သည်။
အလားတူ အချေအတင် စကားဝိုင်း (DEBATE) ကို ယခင်လ ၂၉ရက်နေ့ကလည်း “၂၀၁၅ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ ၏ ကတိကဝတ်״ခေါင်းစဉ်ဖြင့် ဖားအံမြို့၌ ကျင်းပခဲ့သည်။



















